၁၅ ဇူလိုင်

ကျွန်တော်ဟာ လူ့အခွင့်အရေးကို စိတ်ဝင်စားတယ်။ ကုလသမဂ္ဂမှာ တာဝန်ယူစဉ် ဝန်ထမ်းတက္ကသိုလ်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး  သင်တန်းတွေကို  နိုင်ငံပေါင်းများစွာမှာ  ပို့ချခဲ့ပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းမျိုးစုံမှာလည်း ဟောပြောခဲ့ပါတယ်။ သင်တန်းတွေရဲ့ ခေါင်းစဉ်က (Rights-Based-Management)- လူ့အခွင့်အရေးကို အခြေခံတဲ့ စီမံခန့်ခွဲမှုဖြစ်တယ်။ စီမံခန့်ခွဲရာမှာ လူ့အခွင့်အရေးကို အခြေခံပြီး ဆောင်ရွက်သင့်ကြောင်း သင်ကြားပို့ချခဲ့ပါတယ်။  တစ်ဖက်မှာလည်း ကျွန်တော်တာဝန်ယူတဲ့ သင်တန်းတစ်ခုက(Results Based Management) ရလဒ်ကို အခြေခံတဲ့ စီမံခန့်ခွဲမှု။ စီမံရာမှာ ရလဒ်တွေကို အာရုံပြုဖို့ တိုက်တွန်းအားပေးခဲ့ခြင်း ဖြစ်ပါတယ်။ အမှန်တော့ ဒီချဉ်းကပ်မှုနှစ်ရပ်ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိတယ်။ လူ့အခွင့်အရေးနဲ့ ရလဒ်ဟာ ဆက်စပ်နေတယ်။ ရလဒ်ရပြီး လူ့အခွင့်အရေးကို ချိုးဖောက်ရင် အဆင်မပြေသလို လူ့အခွင့်အရေးကိုရယူပြီး ရလဒ်မရနိုင်ရင် အကျိုးမရှိပါဘူး။

စဉ်ဆက်မပြတ်ဖွံ့ ဖြိုးမှုနဲ့ လူ့အခွင့်အရေး

ဧည့်ခံပွဲတစ်ခုမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌကြီး  ဦးဝင်းမြနဲ့  တွေ့ပါတယ်။  ကော်မရှင်က  ကြီးမှူးကျင်းပနေတဲ့  သင်တန်းမှာ  လာရောက်ပို့ချဖို့  ဖိတ်ကြားခံခဲ့ရတယ်။ နောက်တော့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ဖုန်းဆက်ပြီး သင်တန်းအကြောင်း အသေးစိတ်ရှင်းပြပါတယ်။ ပြည်သူအများအတွက်  လူ့အခွင့်အရေးဆိုင်ရာ  အခြေခံသင်တန်းတွေ  ဆောင်ရွက်ခဲ့ပြီး  အဆင့်မြင့်  သင်တန်းတွေ ဖွင့်ထားကြောင်း  ပြောပါတယ်။  သင်တန်းအချိန်ကလည်း မနက်  ၇  နာရီကနေ  ၉  နာရီဖြစ်တာမို့  ကျွန်တော့်အတွက် အလွန်အဆင်ပြေသွားပါတယ်။              ဟောပြောစေလိုတဲ့ ခေါင်းစဉ်က  “စဉ်ဆက်မပြတ်  ဖွံ့ဖြိုးမှုနဲ့  လူ့အခွင့်အရေး” ဖြစ်ပါတယ်။  ကျွန်တော့်အနေနဲ့  စဉ်ဆက်မပြတ်ဖွံ့ ဖြိုးမှုကို   ပုံစံအမျိုးမျိုး  တာဝန်ယူနေတာမို့  ခေါင်းစဉ်အကြောင်းအရာ နှစ်ခုစလုံးဟာ  ကျွန်တော်နဲ့  ယဉ်ပါးနေပြီးဖြစ်တယ်။  အမှန်တော့  ဝန်ထမ်းတက္ကသိုလ်မှာ  တာဝန်ယူစဉ်  “ထောင်စုနှစ် ရည်မှန်းချက်” အကြောင်းအရာများကို သင်တန်းတွေပေးခဲ့ပါတယ်။ ဒီထောင်စုနှစ်ရည်မှန်းချက်တွေဟာ ၁၅ နှစ်ကြာမြင့်ပြီး ခရစ်နှစ် ၂၀ဝဝ မှ ၂၀၁၅ အထိ အကျုံးဝင်ပါတယ်။

၂၀၁၅ မှ ၂၀၂၀ ကာလအထိ ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်နိုင်ငံတွေက  စဉ်ဆက်မပြတ်  ရည်မှန်းချက်တွေကို ဖော်ထုတ်သတ်မှတ်ခဲ့ပါတယ်။


သင်တန်းက ပြည်လမ်းမှာရှိတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရုံးမှာ  ကျင်းပပါတယ်။  ဒီရုံးကြီးနဲ့  ကျွန်တော် ရင်းနှီးပါတယ်။ အရင်အစိုးရလက်ထက်မှာ မဟာဗျူဟာဗိမာန်မှာ  ကျင်းပတဲ့  သင်တန်းတွေမှာ သွားရောက်ပို့ချခဲ့ဖူးတယ်။

ကျွန်တော့်ကို မနက်စောစောနေအိမ်မှာ အတွင်းရေးမှူး ဦးဖုန်းကြွယ်က လာကြိုပါတယ်။ သူနဲ့ သိကျွမ်းတာ နှစ်ပေါင်း ကြာမြင့်ခဲ့ပါပြီ။ ကော်မရှင်ရုံးရောက်တော့ ဥက္ကဋ္ဌကြီး ဦးဝင်းမြ၊  ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နဲ့   ကော်မရှင်အဖွဲ့ဝင်တွေက နွေးနွေးထွေးထွေး  ကြိုဆိုပါတယ်။  နံနက်စာကို  တည်ခင်းဧည့်ခံခဲ့ပါတယ်။ သင်တန်းအချိန်က နှစ်ချိန်ဖြစ်တယ်။

ငြိမ်းချမ်း တည်ငြိမ်မှုမရှိဘဲ ဖွံ့ဖြိုးမှုမရနိုင်

ပဏာမအနေနဲ့              ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒေါက်တာကိုဖီအာနန်ရဲ့      အဆိုအမိန့်တစ်ခုကို      မျှဝေခဲ့ပါတယ်။ ကျွန်တော် ကုလသမဂ္ဂအဖွဲ့အစည်းမှာ အတွင်းရေးမှူး ချုပ်နှစ်ဦးနဲ့  ဆုံခဲ့ပါတယ်။    ပထမတစ်ဦးက  ဒေါက်တာကို ဖီအာနန်ဖြစ်ပြီး  ဒုတိယကတော့  မစ္စတာ  ဘန်ကီမွန်းဖြစ်ပါတယ်။  ကိုဖီအာနန်လက်ထက်  ကျွန်တော်က ကုလသမဂ္ဂအဖွဲ့ အစည်းရဲ့  ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေမှာ သင်တန်းတွေပေးပြီး     ပါဝင်ခဲ့ပါတယ်။     အတွင်းရေးမှူးချုပ်က  ငြိမ်းချမ်းတည်ငြိမ်မှုမရှိဘဲ ဖွံ့ ဖြိုးမှုမရရှိနိုင်သလို ဖွံ့ဖြိုးမှုမရနိုင်ရင်လည်း ငြိမ်းချမ်းရေးမရနိုင်ကြောင်း ဖော်ထုတ်ခဲ့တယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ ဖြိုးမှုရဲ့အခြေခံဟာ လူ့အခွင့်အရေး ဖြစ်ကြောင်း သတိပေးခဲ့ပါ တယ်။


နော်ဝေနိုင်ငံရဲ့   ဝန်ကြီးချုပ်(ငြိမ်း) ဖြစ်သူ   ဗရုတ်လန်က စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဟာ    ပစ္စုပ္ပန်ကာလမှာ      အသက်ရှင် နေထိုင်ကြသူတွေအတွက်    အဆင်ပြေမှုရှိရုံမက  အနာဂတ်-နောင်လာနောက်သားတွေအတွက်      အခွင့်အလမ်းတွေရှိဖို့လိုကြောင်း  သတိပေးခဲ့ပါတယ်။    ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ  ၁၉၈၆  ခုနှစ်မှာ  ဖွံ့ဖြိုးနှုန်းဟာ  လူ့အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ လူသားတိုင်းဟာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးကဏ္ဍအသီးသီးမှာ ပါဝင်ပတ်သက်အလုပ်အကျွေးပြုရုံမက  အကျိုးအမြတ်တွေ ခံစားခွင့်ရှိကြောင်း  သဘောတူခဲ့ကြတယ်။  တစ်ဖက်ကလည်း လူသားတိုင်းဟာ  လူ့အခွင့်အရေး  အခြေခံ လွတ်လပ်ခွင့်တွေ ခံစားခွင့်နည်းကြောင်းလည်း ဖော်ထုတ်ခဲ့ပါတယ်။

လူသားတိုင်းမှာ အခြေခံအခွင့်အရေးသုံးရပ်ရှိ

လူသားတိုင်းမှာ  အခြေခံအခွင့်အရေးသုံးရပ်ရှိပါတယ်။ ဒါတွေကတော့ ကြောက်ရွံ့ခြင်းမှ လွတ်လပ်ခြင်း၊ တမ်းတခြင်းမှ လွတ်လပ်ခြင်းနဲ့ သိက္ခာရှိစွာနေထိုင်လှုပ်ရှားနိုင်မယ့်လွတ်လပ်ခြင်း။  ဒီလွတ်လပ်ခြင်းသုံးရပ်ကို    ပိုပြီးပြည့်စုံတဲ့လွတ်လပ်ခွင့်အဖြစ်  သတ်မှတ်ခဲ့ပါတယ်။  အမှန်  ဒီလွတ်လပ်ခွင့်သုံးရပ်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခွင့်အရေးတွေသာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးနဲ့ပတ်သက်လာရင်  နိုင်ငံရေး၊  စီးပွားရေးစနစ်နဲ့  ခွဲခြားလို့မရနိုင်ပါဘူး။  ဒါကြောင့်  တစ်ချိန်က  စင်ကာပူ နိုင်ငံခေါင်းဆောင်      လီကွမ်ယုက    အာရှလူမျိုးတွေနဲ့ဆိုင်တဲ့  လူ့အခွင့်အရေးသီးသန့်ရှိကြောင်း  အတိအလင်း    ဖော်ထုတ်ခဲ့တယ်။ အနောက်နိုင်ငံတွေကကြွေးကြော်နေတဲ့ လူ့အခွင့်အရေးဟာ  အာရှနဲ့မပတ်သက်ကြောင်းကြေညာခဲ့တယ်။  ၁၉၉၀ ပြည့်နှစ်  မတိုင်မီ  လူ့အခွင့်အရေးနဲ့    ပတ်သက်ပြီး  အယူအဆ နှစ်မျိုးရှိခဲ့တယ်။ အရင်းရှင်နိုင်ငံတွေမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးနဲ့ပါဝင်ပတ်သက်မှု လွတ်လပ်တဲ့လူ့အခွင့်အရေး နှစ်ရပ်ကို    ဦးစားပေးခဲ့တယ်။    ဆိုရှယ်လစ်နိုင်ငံတွေကတော့  စီးပွားရေးဆိုင်ရာ    လူ့အခွင့်အရေး၊  လူမှုရေးဆိုင်ရာ  လူ့အခွင့်အရေးနဲ့      ယဉ်ကျေးမှုဆိုင်ရာ      လူ့အခွင့်အရေးသုံးရပ်ကို အာရုံပြုခဲ့တယ်။ တစ်ဖက်နဲ့တစ်ဖက် အယူအဆတွေမတူညီကြတဲ့အတွက်  အပြိုင်အဆိုင်  ငြင်းခုန်ခဲ့ကြတယ်။  ၁၉၈၉  ခုနှစ် နောက်ပိုင်းမှာ ရုရှားနိုင်ငံနဲ့ ဂျာမနီနိုင်ငံတွေမှာ ဖြစ်ပေါ်လာခဲ့တဲ့ အပြောင်းအလဲတွေကြောင့်  လူ့အခွင့်အရေးဟာ  စောစောက တင်ပြခဲ့တဲ့ အခွင့်အရေး ငါးရပ်လုံးပါဝင်ကြောင်း လက်ခံခဲ့ပါတယ်။ ဒါကြောင့်    အခုချိန်မှာ    လူ့အခွင့်အရေးနဲ့ပတ်သက်လာရင် ဒီအခွင့်အရေးငါးရပ်ကို      တပေါင်းတစည်းတည်း      စဉ်းစား လုပ်ဆောင်ဖို့လိုကြောင်း အသိအမှတ်ပြုခဲ့တယ်။

တာဝန်ခံရမယ့်သူနဲ့ ရပိုင်ခွင့်ရှိသူ

လူတစ်ယောက်ရဲ့      ဖွံ့ဖြိုးမှုအခွင့်အရေးဟာ    မွေးရာပါ အခွင့်အရေးဖြစ်တယ်။    ဒီအခွင့်အရေး    ခံစားနိုင်ဖို့    နိုင်ငံရဲ့ စီမံအုပ်ချုပ်မှုကို  စနစ်တကျဆောင်ရွက်ဖို့ လိုအပ်တာကိုလည်း အသိအမှတ်ပြုခဲ့တယ်။  လူ့အခွင့်အရေးနဲ့  ပတ်သက်လာရင် တာဝန်ခံရမယ့်သူနဲ့ ရပိုင်ခွင့်ရှိသူဆိုပြီး နှစ်မျိုး နှစ်စားရှိတာကို ခွဲခြားခဲ့တယ်။  တာဝန်ခံရမယ့်သူက  အစိုးရတွေသာဖြစ်တယ်။ အစိုးရကပဲ    တာဝန်ယူရမှာ။      အစိုးရကို    ပုဂ္ဂလိက    ကဏ္ဍ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ကူညီပံ့ပိုးဖို့  လိုအပ်တယ်။  ရပိုင်ခွင့်ရှိသူက  ပြည်သူတွေသာ ဖြစ်တယ်။

၂၀၁၆  ခုနှစ်မှာ  ကုလသမဂ္ဂအဖွဲ့အစည်းက    လွန်ခဲ့တဲ့ နှစ်ပေါင်း  ၃၀  ကျော်က  ကတိပြုခဲ့တဲ့  ဖွံ့ဖြိုးမှုနဲ့  ပတ်သက်ပြီး ရည်မှန်းချက်တွေရဲ့  အခြေအနေကို ပြန်လည်သုံးသပ်ခဲ့တယ်။ အခြေအနေတွေဟာ မျှော်မှန်းခဲ့သလိုမဖြစ်ကြောင်း သိရှိခဲ့ရတယ်။ အခွင့်အရေးတွေ မရနေကြောင်း ဖော်ထုတ်နိုင်ခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ က အတူတကွပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပေမယ့်  လက်တွေ့မှာ အကောင်အထည်မဖော်နိုင်ဘူး။ ဒါကြောင့် ၂၀၁၆ ခုနှစ်မှာ စဉ်ဆက်မပြတ်ရည်မှန်းချက်တွေကို သဘောတူလက်ခံခဲ့ပါတယ်။ စုစုပေါင်းရည်မှန်းချက် ၁၇  ချက်ပါဝင်ပြီး  လူသားတွေကို  အခြေခံမယ့်ဖွံ့ ဖြိုးမှုပုံစံ ဖြစ်တယ်။ လူသားတွေကို လွတ်လပ်စွာပါဝင်ပြီး  ခွဲခြားဆက်ဆံ မှုမရှိအောင်  ဆောင်ရွက်ဖို့လိုကြောင်း  သဘောတူခဲ့တယ်။ လူမျိုးရေး၊  ဘာသာရေး၊  အစွန်းတရားတွေ  ရှောင်ဖို့လည်း လက်ခံခဲ့ကြတယ်။ ဒီရည်မှန်းချက်ရဲ့အခြေခံကတော့ လူ့အခွင့်အရေးပဲဖြစ်တယ်။  လူ့အခွင့်အရေးမရှိရင်  ဖွံ့ဖြိုးမှုမဖြစ်နိုင်ပါဘူး။  တစ်ခုနဲ့တစ်ခု  မှီနေသလို  အပြန်အလှန်ဆက်စပ်နေ တာဖြစ်တယ်။ သတိပြုဖို့ကိစ္စတစ်ခုက ရည်မှန်းချက် ၁၈ ခုကို ဖော်ထုတ်ခဲ့ပေမယ့် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီ သီးခြားရည်မှန်းချက်တစ်ခုကို ဖော်ပြမှုမရှိပါဘူး။

တာဝန်မသိဘဲ ရပိုင်ခွင့်ကိုတောင်းခံလို့မရပါ

အခုလိုဖြစ်ရတာက  ရည်မှန်းချက်အားလုံးရဲ့  အခြေခံဟာ လူ့အခွင့်အရေးဖြစ်တာကြောင့် ဖြစ်တယ်။ ဒါကြောင့်မို့ ဖွံ့ဖြိုးမှုရည်မှန်းချက်နဲ့    လူ့အခွင့်အရေး    သီးခြားခွဲထားလို့ မဖြစ်ပါဘူး။ အကောင်အထည်ဖော်ရာမှာ နိုင်ငံရေးသတ္တိရှိဖို့ လိုအပ်တယ်။ တစိုက်မတ်မတ်အာရုံစိုက်ဖို့လည်း  လိုအပ်မှာ ဖြစ်တယ်။  မြန်မာနိုင်ငံမှာ  အစိုးရသစ်အနေနဲ့    စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုစီမံကိန်းတစ်ရပ်ကို ဖော်ထုတ်ခဲ့ပါတယ်။ ကာလ က  ၂၀၁၈  မှ  ၂၀၂၀  အထိဖြစ်တယ်။  မဏ္ဍိုင်သုံးရပ်ပါဝင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှု ၊ ကြွယ်ဝချမ်းသာမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့  လူသားတွေနဲ့    ပတ်ဝန်းကျင်တို့ ဖြစ်တယ်။ ရည်းမှန်းချက်အနေနဲ့ ငါးရပ်သတ်မှတ်ခဲ့တယ်။ ဒီစီမံကိန်းကို အကောင်အထည်ဖော်ရာမှာ ဝန်ကြီးဌာနအသီးသီးရဲ့ ပါဝင်မှု၊ စိတ်ဝင်စားမှုဟာ အရေးကြီးတယ်။ အထူးသဖြင့် အဖွဲ့အစည်းအချင်းချင်း ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းရှိဖို့ အလွန် အရေးကြီးလှပါတယ်။  လူ့အခွင့်အရေးကော်မရှင်ရဲ့အခန်း ကဏ္ဍက အရေးပါလှပါတယ်။ ပုဂ္ဂလိကကဏ္ဍရဲ့ အရေးပါမှုကိုလည်း အသိအမှတ်ပြုဖို့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ရတဲ့ အချိန်နှစ်ချိန်မှာ  ပြင်ဆင်ထားတာတွေကို  တင်ပြခဲ့တယ်။ ဥက္ကဋ္ဌကြီးက  ပါဝင်ဆွေးနွေးခဲ့သလို  သင်တန်းသားတွေကလည်း မေးခွန်းမျိုးစုံ ထုတ်ခဲ့တယ်။

ကျွန်တော်က ကြိုးစားပြီး ဖြေကြားခဲ့တယ်။ သင်တန်းသားတွေက အလွှာမျိုးစုံက။ လူ့အခွင့်အရေးကို စိတ်ဝင်စားလို့ တက်ရောက်နေတာဖြစ်တယ်။  ကျွန်တော့်အနေနဲ့  ကိုယ်သိ သမျှကို  မျှဝေနိုင်ခွင့်ရခဲ့တာကိုလည်း  ကျေးဇူးတင်မိတယ်။ ဝမ်းသာမိတယ်။  စီစဉ်ပေးတဲ့      ဥက္ကဋ္ဌနဲ့  ဒုဥက္ကဋ္ဌကိုလည်း ကျေးဇူးတင်မိပါတယ်။ အမှန်တော့ လူ့အခွင့်ရေးနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံအတွက် ဖိအားမျိုးစုံကို ခံစားနေရတယ်။ ဒီမိုကရေစီခေတ်မို့ ဆန္ဒတွေကို လွတ်လွတ်လပ်လပ်ဖော်ထုတ် ခွင့်ရှိတာမို့ စိတ်တိုင်းကျ ဖွင့်ဟနေကြတယ်။ အခုလို  ပြောရဲဆိုရဲဖြစ်တာကို ကြိုဆိုပါတယ်။ နှစ်ပေါင်းများစွာက မရခဲ့တဲ့ အခွင့်အရေးမို့ နားလည်ရမှာဖြစ်တယ်။

ဒါပေမယ့်  အခွင့်အရေးနဲ့အတူ  တာဝန်ရှိတယ်ဆိုတာ လည်း  မမေ့သင့်ဘူး။ (Rightsျ) ရပိုင်ခွင့်နဲ့ (Responsi-bility) တာဝန်ယူမှုဟာ ခွဲခြားလို့မရပါဘူး။ တာဝန်မသိဘဲ ရပိုင်ခွင့်ကိုသာ  တောင်းခံနေလို့    မရပါဘူး။  တာဝန်ရှိတဲ့သူ တွေ  တာဝန်သိဖို့  အထူးလိုအပ်တယ်။  ဒါမှလည်း  အားလုံးလိုချင် တမ်းတတဲ့ လူ့အခွင့်အရေးတွေကို ခံစားရမှာ ဖြစ်ပါတယ်။   
 
ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်