ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
ကျွန်တော် မြောက်ဦးကို ရောက်ဖူးချင်တာ ကြာခဲ့ပါပြီ။ မြန်မာပြည်မှာ ထင်ရှားလှတဲ့ ရှေးဟောင်း အမွေအနှစ်အနေနဲ့ ထင်ရှားလှတဲ့ ပုဂံညောင်ဦး၊ ပြည်က သရေခေတ္တရာ၊ အညာမြေက ဟန်လင်း၊ ရခိုင်ပြည်နယ်က မြောက်ဦး။ ဒီနေရာတွေမှာ စေတီပုထိုး၊ နန်းတော် အကြွင်းအကျန်တွေ ရှိနေသေးတာ။ တောင်ငူနဲ့ ပဲခူးမှာလည်း အခုလိုပါပဲ။ အမှန်တော့ မြန်မာပြည်ဟာ သမိုင်းအရ ထင်ရှားလှတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ထီးနန်းအနေနဲ့ ဗမာ၊ ရခိုင်နဲ့ မွန်လူမျိုးတွေမှာ ရှိခဲ့တာ။ လွန်ခဲ့တဲ့ လေးနှစ်ကျော်က မြောက်ဦးကိုသွားဖို့ စီစဉ်ခဲ့တယ်။ အဲဒီတုန်းက စစ်တွေမှာ စီးပွားရေးဟောပြောပွဲ လုပ်ခဲ့တာ။ ဦးဥတ္တမခန်းမမှာ ကျွန်တော်နဲ့အတူ အဖွဲ့သားတွေက အများကြီး။ ခန်းမထဲမှာ ပရိသတ်တွေကလည်း အပြည့်။ ဟောပြောပြီးချိန်မှာလည်း မေးခွန်းတွေက မျိုးစုံ။ နောက်တစ်နေ့မှာလည်း စစ်တွေတက္ကသိုလ်မှာ ဟောပြောပွဲတစ်ခု လုပ်ခဲ့တယ်။
နောက်တစ်နေ့ ကျွန်တော်တို့ မြောက်ဦးကို မော်တော်ယာဉ်လေးစီးနဲ့ ထွက်ခဲ့ကြတယ်။ မနက်အစောကြီး မိုးတွေက ရွာနေပေမယ့် အဆင်ပြေလိမ့်မယ်ဆိုပြီး သွားခဲ့ကြတာ။ ပုဏ္ဏားကျွန်းမြို့အလွန် လမ်းမှာရေတွေလျှံနေလို့ ခဏနားပြီး အခြေအနေသုံးသပ်တော့ ရေတွေတဖြည်းဖြည်းတက်လာတာ တွေ့ရတယ်။ ဒါနဲ့ပုဏ္ဏားကျွန်းမြို့ဘက်က ပြန်လှည့်ပြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အခြေအနေ စောင့်ကြည့်ခဲ့တယ်။ နောက်ဆုံးလမ်းပိတ်ထားပြီဆိုတာ ကြားရလို့ စစ်တွေမြို့ကို ပြန်ခဲ့တယ်။ ရည်ရွယ်ထားတာ မဖြစ်တာမို့ အတော်စိတ်မကောင်းဖြစ်ရတယ်။ သမီးနဲ့ ဇနီးကိုလည်း ရောက်ဖူးစေချင်တာ။ နောက်တစ်နေ့ ရန်ကုန်ကို လေယာဉ်နဲ့ ပြန်ခဲ့ကြတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေက နောက်တစ်ရက်မှ ပြန်ဖို့စီစဉ်ခဲ့တာ မုန်တိုင်းနဲ့ တိုးတော့တာပဲ။
စစ်တွေမြို့ ဟောပြောပွဲ
အခုတစ်ခေါက်တော့ စစ်တွေမြို့မှာ ဟောပြောပွဲ လုပ်ပေးဖို့ အကူအညီတောင်းလာတာက မြန်မာနိုင်ငံ လူငယ်များ စွန့်ဦးတီထွင်မှုအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်။ ညစာစားပွဲတစ်ခုမှာတွေ့ရင်း ဟောပြောပွဲပြီးရင် မြောက်ဦး သွားကြရအောင်ဆိုပြီး ပြောလာတာ။ ဇနီးကလည်း စိတ်ဝင်စားတာမို့ သွားဖို့ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်က ရခိုင်ကို မကြာခဏရောက်တယ်။ ဒါပေမယ့် အလုပ်နဲ့ ဒီတစ်ခေါက်တော့ ပုံစံတစ်မျိုးနဲ့သွားရမှာ။
ဒါနဲ့စစ်တွေကို တနင်္ဂနွေနေ့မှာ လေယာဉ်နဲ့ သွားခဲ့တယ်။ လေယာဉ်အချိန်က မွန်းလွဲမှဆိုတော့ ဟောပြောပွဲနဲ့ အတော်ကပ်နေတာ။ ကျွန်တော်က စစ်တွေရောက်ရောက်ချင်း ခန်းမကိုလာပြီး ဟောပြောပေးမယ်လို့ ဦးထွန်းထွန်းနိုင်ကို ကတိပေးခဲ့တာ။ ဟောပြောပွဲက နေ့လယ် ၁ နာရီခွဲမှာ ဖြစ်တာ မို့ အချိန်ကတော့ အတော်ကပ်နေတာ။ ဒါကြောင့်လည်း ဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောပေးတဲ့ ဝန်ကြီးချုပ် ဦးညီပုကို ကြိုတင်ပြီး တောင်းပန်ခဲ့တယ်။ ကျွန်တော်တို့ လေယာဉ်ကွင်းကနေ ဦးဥတ္တမခန်းမကို သွားခဲ့ကြတယ်။ ရောက်ရောက်ချင်း ဟောပြောဖို့ စီစဉ်ပြီး စင်မြင့်ပေါ်တက်ခဲ့တယ်။ ခန်းမထဲမှာလည်း ပရိသတ်တွေကအပြည့်။ လွန်ခဲ့တဲ့ လေးနှစ်ကို သွားသတိရမိတယ်။ ဝန်ကြီးချုပ် ဦးညီပုနဲ့အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေက စုံစုံညီညီ။ အမှန်တော့ အရင်တစ်ခေါက် စစ်တွေရောက်တဲ့အချိန် ဝန်ကြီး ဦးကျော်အေးသိန်းက စစ်တွေမှာ ဟောပြောပွဲလုပ်ပေးပါလို့ ပြောခဲ့တယ်။ ကျွန်တော်ကလည်း စီစဉ်ပေးပါ့မယ်လို့ ကတိပေးခဲ့တယ်။
ကျွန်တော်က အသင်းကြီးက စီစဉ်ထားသလို စွန့်ဦး တီထွင်မှုကို ပြုစုအားပေးဖို့ ခေါင်းစဉ်နဲ့ ဟာခဲ့တယ်။ စွန့်ဦးတီထွင်မှုနဲ့ ပတ်သက်ပြီး စီးပွားရေးနယ်ပယ်ကို အထူးပြုခဲ့ပါတယ်။ စွန့်ထွင်ဦးစီးမှုနဲ့ ပတ်သက်လာရင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး နယ်ပယ်သုံးခုစလုံးနဲ့ အကျုံးဝင်တာကို သတိထားရမှာဖြစ်တယ်။ စီးပွားရေးအောင်မြင်ဖို့ အခြေခံ လိုအပ်ချက်သုံးရပ်ပဲ ရှိပါတယ်။ စွန့်စားမှုမရှိရင် အောင်မြင်မှု မရနိုင်ပါဘူး။ စွန့်စားမှုနဲ့ရလဒ်ဟာ ဆက်စပ်နေပါတယ်။ များများစွန့်ရင် များများရမှာသာဖြစ်တယ်။ တီထွင်မှုက အခုခေတ်မှာ မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ နောက်ဆုံးအချက်ကတော့ ဦးဆောင်မှုပဲဖြစ်တယ်။
အသေးစားနဲ့ အလတ်စားလုပ်ငန်း
တချို့က လုပ်ငန်းရှင်လို့ သုံးကြတယ်။ လုပ်ငန်းရှင်ဟာ စွန့်ထွင်ဦးစီးတဲ့သူဖြစ်တယ်။ ဒါကြောင့် လုပ်ငန်းရှင်ဆိုတာက မပြည့်စုံဘူးလို့ ယူဆမိပါတယ်။ တစ်ဆက်တည်းမှာ ရခိုင်ပြည်နယ မှာ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို တိုးတက်စေချင်တဲ့အတွက် ကျွန်တော့်ရဲ့တင်ပြချက်တွေမှာ ထည့်သွင်းဖော်ပြ ခဲ့ပါတယ်။ ကျွန်တော်တင်ပြပြီးချိန်မှာ အမေးအဖြေလုပ်ခဲ့တယ်။ မေးကြတဲ့သူတွေက အဆင့်အတန်းမြင့်မြင့် မေးခဲ့ကြတယ်။ ကျွန်တော့်အနေနဲ့ ကိုယ်ပြောချင်တာကို အဖြေတွေပေးပြီး ဖြည့်စွက်ခွင့်ရခဲ့ပါတယ်။
ဟောပြောပွဲအပြီးမှာ ကိုလူအေးက ကျွန်တော်တို့ နှစ်ယောက် တည်းခိုမယ့်ဟိုတယ်ကို လိုက်ပို့ခဲ့တယ်။ ဟိုတယ်က ဦးဥတ္တမခန်းမနဲ့ ကပ်နေတာ။ ခဏတစ်ဖြုတ်နားပြီး ရခိုင်မုန့်တီစားဖို့ မော်လိုက်မုန့်တီဆိုင်ကို ခေါ်သွားတယ်။ စစ်တွေရဲ့ နာမည်ကြီးဆိုင်။ အရသာက ထူးခြားတယ်။ ရန်ကုန်နဲ့မတူဘူး။ မုန့်တီစားပြီး စစ်တွေမြို့ရဲ့ ပွိုင့်ကို သွားခဲ့ကြတယ်။ အရင်တစ်ခေါက်တုန်းက ပြုပြင်နေဆဲဖြစ်လို့ မရောက်ခဲ့ရဘူး။ ဘင်္ဂလား ပင်လယ်အော်နဲ့ ကုလားတန်မြစ် ဆုံစည်းတဲ့နေရာမို့ သာယာလှတယ်။ အပန်းဖြေနေတဲ့သူတွေနဲ့ အပြည့်။ နေဝင်ချိန်ကို လာကြည့်နေသူတွေကလည်း အများကြီး။ ကောင်းကင်ကြီးကလည်း ရောင်စုံ။ အလွန်လှပတာ။ ပွိုင့်ကနေ ဟိုတယ်ခဏပြန်ပြီး ညစာကို ပွိုင့်မှာရှိတဲ့ စားသောက်ဆိုင်မှာ စားကြတယ်။ ညစာ စားပွဲကို ဦးထွန်းထွန်းနိုင်နဲ့အတူ ရောက်နေကြတဲ့ အမှုဆောင် လူကြီးတွေလည်း ပါကြတယ်။ ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းနဲ့ ဇနီးလည်း တက်ရောက်ခဲ့တယ်။
နောက်တစ်နေ့မနက် နံနက်စာစောစော စားသောက်ကြပြီး မြောက်ဦးကို ကားနဲ့ထွက်ခဲ့ကြတယ်။ ပုဏ္ဏားကျွန်းအလွန် ကျောက်တော်မြို့ မရောက်ခင် တစ်ထောက်နားကြတယ်။ ဒေသထွက် ပစ္စည်းတွေကလည်း စုံနေတာပဲ။ ကျောက်တော်မြို့ တံတားကူးပြီး တောင်ပေါ်ဘုရားကို တက်ရောက်ဖူးခဲ့တယ်။ အတော်မြင့်တဲ့လှေကားတွေ တက်ရတာ။ ပြီးတော့ ခရီးဆက် ထွက်ပြီး မဟာမြတ်မုနိဘုရားကြီးရှိရာကို ဝင်ရောက်ဖူးကြတယ်။ မဟာမြတ်မုနိဘုရားက အဆောင်ထဲက ဒုတိယနေရာမှာ။ သမိုင်း အဓိပ္ပာယ်ဖွင့်ဆိုမှုတွေကတော့ အမျိုးမျိုးပါပဲ။ ဘုရားဖူးပြီး ရောက်ချင်လှတဲ့ မြောက်ဦးမြို့ကို ရောက်ခဲ့တယ်။ မြို့ထဲစဝင်လာပြီး ကြာပန်းတွေ ပြည့်နေတဲ့ ကျုံးကြီး၊ မြို့ရိုးကြီးတွေကို ခမ်းခမ်းနားနား တွေ့ရတယ်။ သဲကျောက်တွေနဲ့ တည်ဆောက်ထားတာ။ နေ့လယ်စာစားဖို့ စားသောက်ဆိုင် တစ်ဆိုင်ဝင်ခဲ့တယ်။ စစ်တွေတုန်းက ဦးထွန်းထွန်းနိုင်က မှာခဲ့တယ်။ ရခိုင်အစားအစာကို စားဖြစ်အောင်စားပါ။ ဒါကြောင့်လည်း ကိုလူအေး ကျေးဇူးနဲ့ ရခိုင်ထမင်းဟင်းကို စားသောက်ကြတယ်။ ဟင်းချက်က ထားဝယ်စာနဲ့ ခပ်ဆင်ဆင်။ ငါးပိကို တွင်တွင်သုံးတော့ ကိုယ့်အတွက်က အဆင်ကိုပြေလို့။ ထမင်းစားပြီး တည်းခိုမယ့် မြောက်ဦးဟိုတယ်ကို သွားကြတယ်။ ဟိုတယ်က သပ်သပ်ရပ်ရပ်နဲ့ အဆင်ပြေလှတာ။ တစ်နာရီလောက်နားပြီး ဘုရားဖူးဖို့ ထွက်ခဲ့ကြပြန်တယ်။ မြောက်ဦးမှာ မာန်ငါးမာန်ဘုရားဖူး ရမယ်ဆိုလို့ ကိုလူအေးက မရောက်ရောက်အောင် ပို့ရှာတယ်။ ကိုးသောင်းဘုရားကြီး၊ ရှစ်သောင်းဘုရားကြီး။ အမှန်တော့ နေ့တစ်ဝက်ဖူးတဲ့ ဘုရားတွေကို သုံး၊ လေးရက်ဖူးရမှာ။ “သဇင် ပန်းခိုင် တမြိုင်မြိုင်၊ ရခိုင်ဘုရားပေါင်း”၊ “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း” အဆိုအမိန့်တွေက ထပ်တူပဲ။ ဘယ်နေရာကြည့်ကြည့် ဘုရားစေတီ ပုထိုးတွေနဲ့။ စေတနာ အပြည့်နဲ့ ပြုပြင်ထားတာတွေမြင်ပြီး စိုးရိမ်စိတ်တွေတောပေါ်ခဲ့တယ်။ သမိုင်းအမွေအနှစ် ပျောက်ပျက်မှာ စိုးမိတယ်။ ဒီဘုရားတွေမြင်တော့ ပုဂံကို သွားသတိရသလို အီဂျစ်တို့ ဂရိတို့၊ အီတလီတို့မှာ မြင်တွေ့ရတဲ့ အဆောက်အအုံတွေ သွားအမှတ်ရတယ်။ တချို့နိုင်ငံမှာ ပြစရာနည်းနည်းကို စိတ်ဝင်စားအောင်ပြနိုင်တာ။ အခုတော့ ပြစရာတွေက အံ့ဩမကုန် နိုင်အောင်များတာ။ ရှေးဟောင်းသုတေသနဌာနက ဝန်ထမ်းနှစ်ဦးကလည်း ကျွန်တော်တို့ကို ရှင်းပြတယ်။ မြောက်ဦးမြို့က ရှေးဟောင်းသုတေသန ပြတိုက်ကို ရောက်ခဲ့တယ်။ ဘုရား ဆင်းတုတွေ၊ စဉ့်အိုးတွေ မျိုးစုံပြသပေမယ့် နေရာအကန့်အသတ်ကြောင့် သိုလှောင်ထားတာတွေ အများကြီးလို့ ပြောတယ်။ နှမြောစရာကြီး။ ဘုရားတွေမှာ အစောင့်တွေလည်း တစ်ယောက်မှ မတွေ့ရဘူး။ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ် တွေကို စောင့်ရှောက်ထားတာ မရှိသလိုပါပဲ။
ရှစ်သောင်းဘုရားနှင့် ကိုးသောင်းဘုရား
ရှစ်သောင်းဘုရားအနီးက ကုန်းပေါ်ကနေ နေဝင်သွားတာကို ကြည့်ကြတာပဲ။ ရှုခင်းတွေက ဘယ်နေရာကြည့်ကြည့် စေတီ ပုထိုးတွေနဲ့။ ပုဂံနဲ့အတူတူ။ ရာသီဥတုကြောင့် မိုးဒဏ်ရေဒဏ်ကို အတော်ခံရတာပဲ။ အုတ်နဲ့မဟုတ်ဘဲ အနီးအနားကမ်းနားက သဲကျောက်တွေနဲ့ တည်ဆောက်ထားတာမို့ ခိုင်ခံ့တယ်။ ကိုးသောင်းဘုရားကြီးနဲ့ ရှစ်သောင်းဘုရားတွေမှာ ဥမင်လိုဏ်ခေါင်းတွေက ရှုမငြီးအောင်၊ လေကောင်းလေသန့်ရရုံ မဟုတ်ဘဲ အလင်းရောင်ရအောင် ဖန်တီးထားတာ။ ဗိသုကာပညာ အဆင့်မြင့်တာကို တွေ့ရတယ်။ ရခိုင်သမိုင်းကို ခေတ်လေး ပိုင်းခွဲခြားထားတာ။ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နဲ့ မြောက်ဦး။ မြောက်ဦးခေတ်က ပုဂံခေတ်ထက် နောက်ကျတာ။ လေးမြို့ခေတ်က ပုဂံနဲ့ခေတ်ပြိုင်။ ယဉ်ကျေးမှုမြင့်မားသလို ဗုဒ္ဓဘာသာကလည်း ရှေးကျလိုက်တာ။ ဒီခေတ်လေးခေတ်စလုံးဟာ ကုန်းတွင်းဒေသတွေမှာ ထွန်းကားခဲ့တာ။ ရခိုင်တွေဟာ မြန်မာတွေနဲ့ အိန္ဒိယနိုင်ငံတွေနဲ့ ဆက်သွယ်မှုရှိခဲ့တာ။ အနောက်နိုင်ငံတွေနဲ့လည်း ပတ်သက်ခဲ့တယ်။ ၁၈၂၄ ခုနှစ်နောက်ပိုင်း အင်္ဂလိပ် ကိုလိုနီခေတ်ရောက်မှ စစ်တွေမြို့က ပေါ်ထွန်းလာခဲ့တာ။ တစ်ချိန်က ကုန်းတွင်းဒေသ တွေမှာ ထွန်းကားခဲ့တာဟာလည်း အံ့ဩစရာပဲ။
ကျွန်တော်တို့နောက်ဆုံးဘုရားဖူးဖို့ သွားတော့ အချိန်က ၆ နာရီကျော်နေပြီ။ သော့တွေခတ်ထားတာကို အကူအညီတောင်းပြီး ဖွင့်ခဲ့တယ်။ ဖူးခွင့်ရခဲ့တယ်။ ငါးမာန်ပြည့်ခဲ့တယ်။ ညစာစားပြီး မြို့ထဲသွားတော့ အားလုံးက မီးခိုးတိတ်။ အီဂျစ်နဲ့ ယှဉ်ပြီး ညဘက်မှာ ယဉ်ကျေးမှုပွဲတွေ၊ အဝတ်အစားပြသမှုတွေ၊ အစားအသောက် ရောင်းချမှုတွေ ရှိစေချင်လိုက်တာ။ အခုတော့ ရှေးဟောင်းဒေသနဲ့ မြို့သူမြို့သားတွေနဲ့ မပတ်သက်သလိုပဲ။ ဒီရတနာသိုက်ကြီးကို စီးပွားရေးအတွက် နည်းလမ်းရှာသင့်တာ။ ကုလသမဂ္ဂ ယဉ်ကျေးမှုဒေသအဖြစ် လျှောက်ထားတယ်လို့ ပြောတယ်။ ရပြီးရင် အခြေအနေကောင်းအောင် ခုကတည်းက စဉ်းစားသင့်တယ်။ သရေခေတ္တရာမှာ အသိအမှတ်ပြုခြင်း ခံရတာက ကျေနပ်ဂုဏ်ယူစရာတစ်ခုပါ။ ဒါပေမယ့် စီးပွားရေးကောင်းလာအောင်လုပ်ဖို့ လိုသေးတယ်။ အဓိကတော့ မြောက်ဦးမှာ လေယာဉ်ကွင်းမရှိတာပဲ။ မြေကြီးက လျာထားပြီးရှိတယ်လို့ ပြောပေမယ့် အခုထိ ဘာမှ မဖြစ်လာသေးဘူး။ ဘယ်သူ့မှာ တာဝန်ရှိသလဲ မေးလိုက်ရင်လည်း အဖြေက မသေမချာ၊ မရေမရာ။ သူလိုလို ကိုယ်လိုလိုနဲ့ စိတ်မဝင်စားကြဘူးလား။ အမြန်ဆုံးရအောင် ဘာကြောင့်မလုပ်ကြတာလဲ။ ဘာကို စိုးရိမ်နေကြတာလဲ။ အစိုးရကမလုပ်နိုင်ရင် ပုဂ္ဂလိကကို တာဝန်ပေးလို့ မရဘူးလား။ ကျွန်တော့်ရင်ထဲမှာတော့ မေးခွန်းတွေအစုံ။ ဒါပေမယ့် အဖြေပေးမယ့်သူက မရှိဘူး။ နောက်တစ်နေ့မနက် နေထွက်ကြည့်ဖို့ ရှစ်သောင်းဘုရားနံဘေးက သိမ်ကြီးကို သွားခဲ့ကြပြန်တယ်။ ကြီးကျယ်လှတဲ့ သိမ်တော်ကြီးနောက် ပိဋကတ် အဆောက်အအုံကို သွားကြည့်ကြတယ်။ မိုးဒဏ်ခံနိုင်အောင် အမိုးမိုးထားတယ်။ ဒါပေမယ့် မိုးတဲ့ပုံစံက အချိုးမကျတော့ အထဲက အဆောက်အအုံကို အတော်ကြည့်ရတာ။ ကျွန်တော်က သမိုင်းကို စိတ်ဝင်စားလို့ မြောက်ဦးမြို့အထွက် ရှေးခေတ်က ပေါ်တူဂီ သိုလှောင်ရုံကို သွားကြည့်တယ်။ စီးပွားရေးရှင်သန်မှုကို သရုပ်ဖော်မှုဖြစ်တယ်။ ကိုလူအေးက လေယာဉ်ကွင်းနေရာကို လိုက်ပြပြန်တယ်။ မြေကြီးကတော့ အဆင်သင့်ပဲ။ ဒါပေမယ့် ဘယ်သူမှလုပ်တာ မမြင်ရဘူး။ အံ့ဩစရာ၊ နှမြောစရာ ယူကျုံးမရဖြစ်ရတဲ့ ကိစ္စတစ်ခုဖြစ်တယ်။
ပင်ပန်းရကျိုးနပ်
အပြန်မှာ မဟာမြတ်မုနိဘုရားကြီးအနီးက စားသောက်ဆိုင်မှာ နေ့လယ်စာ စားကြတယ်။ စစ်တွေမရောက်ခင် ရွှေကျားအထည်တိုက်မှာ ခဏနားပြီး ဈေးဝယ်ဖြစ်ကြတယ်။ ပိုင်ရှင်ဒေါ်အေးက သွက်တယ်၊ ရှင်းပြတယ်။ ကလေးမတွေကို ရက်ကန်းအလုပ် ပေးထားတာ။ စစ်တွေကို ခရီးထွက်ရင်း လူငယ်တစ်စု အလုပ်တွေလုပ်နေတဲ့ အလုပ်ရုံ၊ စက်ရုံမှာ ခဏနားခဲ့ပြန်တယ်။ လူငယ်တွေ အခုလို လုပ်ချင်ကိုင်ချင်စိတ်ထားတာကို အားပေးချင်တယ်။ သူတို့အခြေအနေ မေးပြန်တော့ ဝေလေလေအနေအထား။ အစိုးရဌာနအသီးသီးကြားမှာ လည်နေတာ။ ဒါကြောင့်လည်း စီးပွားရေး အားပေးမှုညွှန်ကိန်းမှာ ကျွန်တော်တို့အခြေအနေက ဆိုးနေတာ။ လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ သူတွေ စိတ်ကုန်အောင် လုပ်ကြတော့တာပဲ။ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စည်းကမ်းတွေနဲ့ အမျိုးမျိုးခက်အောင်သာ လုပ်နေကြတော့တာ။ စစ်တွေက ရန်ကုန် ထွက်မယ့်အချိန်က ညနေ ၅ နာရီဆိုတော့ အချိန်မီတော့ ရောက်ပေမယ့် လေယာဉ်ပျံနောက်ကျကြောင်း သတင်းရ တယ်။ ၆းဝဝ ၊ ၇းဝဝ၊ ၈းဝဝ အလုပ်ချိန်လိုပဲ ရွှေ့နေတာ။ ဒါနဲ့ ဝန်ကြီးဦးကျော်အေးသိန်းနဲ့ ဇနီးက ညစာကျွေးတယ်။ နောက်ဆုံးလေယာဉ်က ည ၉ နာရီမှာထွက်တာ။ ရန်ကုန် ရောက်တော့ ၁၁ နာရီနီးနီး။
ခရီးကပန်းတယ်။ အချိန်တိုအတွင်း လုပ်စရာတွေ၊ ကြည့်ချင်တာတွေ၊ ရောက်ချင်တာတွေက များလွန်းတော့ တရွတ်တိုက်ဆွဲသွားရတာ။ အစကတည်းက နှစ်ယောက်စလုံး နေမကောင်းကြဘူး။ သွားချင်လွန်းလို့သာ အားတင်းပြီး လှုပ်ရှားခဲ့တာ။ အိမ်ပြန်ရောက်တော့ နှစ်ယောက်စလုံးလဲတော့ တာပါပဲ။ ဒါပေမယ့် ပင်ပန်းရကျိုးနပ်ပါတယ်။ တကယ်ကို အံ့ဩမကုန်နိုင်တဲ့ နေရာဒေသတစ်ခုကို ရောက်ခွင့်ရတာကို ကျေးဇူးတင်မိတယ်။ အစစအရာရာ ကူညီပေးသူတွေကိုလည်း ကျေးဇူးတင်မိပါတယ်။
မြန်မာ့အလင်း