ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

 

“အလိမ္မာ စာမှာရှိ” ဆိုတာကို ကျွန်တော်လက်ခံတယ်။ ဒါကြောင့်လည်း အခွင့်အရေးရတိုင်း စာဖတ်ဖို့တိုက်တွန်း ခဲ့ပါတယ်။ စာဖတ်ဖို့လို့ပြောရင် ဒီခေတ်မှာ ပုံနှိပ်တာတင်မက အင်တာနက်ကတစ်ဆင့်၊ လူမှုကွန်ရက်တွေ ကတစ်ဆင့်လည်း ဖတ်နိုင်မှာဖြစ်တယ်။ ဖတ်ချင်တဲ့စိတ်ကို မွေးဖို့သာ လိုအပ်တာဖြစ်တယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါခဲ့တယ်။ နေ့တိုင်းဖတ်ဖြစ်တယ်။ စာဖတ်ပါလို့ ပြောတဲ့နေရာမှာ လက်လှမ်း မီတာကို ဖတ်ဖို့လိုတယ်။


ကျွန်တော့်ကို မကြာခဏမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုက ဘာစာအုပ်ကို ဖတ်သင့်သလဲ။ အမှန်တော့ တွေ့တဲ့စာအုပ်ကို ဖတ်ဖို့သာ လိုအပ်တာ။ ဒါကြောင့် လည်း ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ စာကြည့်တိုက်တွေကို ပြည့်ပြည့်စုံစုံ ဖြစ်စေချင်တာ။ တက္ကသိုလ်ကျောင်းသားတွေဟာ စာကြည့်တိုက်နဲ့ ရင်းနှီးဖို့လိုတယ်။ အမှန်တော့ စာကြည့်တိုက်ဟာ စာအုပ်တွေ စုစည်းထားတာမဟုတ်ဘဲ အသိတရားတွေ၊ ပညာတွေကို စနစ်တကျ စုစည်းထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် စာကြည့်တိုက်တွေကို တန်ဖိုးထားရမယ့် ဗိမာန်အဖြစ် အသိအမှတ်ပြုရမယ်။ ရပ်ကွက်၊ ကျေးရွာတွေမှာလည်း စာကြည့်တိုက်တွေ ရှိရမယ်။ ရှိရုံမက အသုံးပြုဖို့လိုအပ်တယ်။ အခုခေတ်မှာတော့ ခေတ်မီနည်းပညာကို အခြေခံ တဲ့စာကြည့်တိုက်တွေ ပေါ်ပေါက်နေတာ ဖြစ်တယ်။ ဖြစ်နိုင်ရင် အိမ်တိုင်းမှာလည်း စာကြည့်တိုက်တွေ ရှိစေချင်တာ။ စာအုပ်စင်ရှိရင် ကျေနပ်ပါတယ်။ စာအုပ်ကို တန်ဖိုးထားတာဟာ စာကိုတန်ဖိုး ထားတာဖြစ်ရုံမက စာပေကရတဲ့ပညာကို လေးစားခြင်းဖြစ်တယ်။


တစ်လောက ကျွန်တော်စာအုပ်တစ်အုပ်ဖတ်ဖြစ်ခဲ့တယ်။ အကြောင်းအရာကို ကျွန်တော်လုံးဝ မစဉ်းစားမိခဲ့ဘူး။ ကျွန်တော်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ အနက် ဉာဏ်ရည်ထက်မြက်မှုကို အထူးလေ့လာဖြစ်ခဲ့တယ်။
ဉာဏ်ရည်ထက်မြက်ခြင်းဟာ စာစကားနဲ့ပြောတာ ဖြစ်တယ်။ သာမန်အသုံးအနှုန်းက “တော်” ခြင်း ဖြစ်တယ်။ “ထက်” ခြင်းဖြစ်တယ်။ မိဘတွေဟာ သားသမီး တွေကို “တော်” စေချင်ကြတယ်။ “ထက်မြက်” တဲ့ ကလေးတွေ ဖြစ်စေချင်ကြတယ်။ ဆရာ ဆရာမတွေ အနေနဲ့လည်း ကျောင်းသားတွေကို တော်စေချင်တယ်။ စာမေးပွဲမှာ ဂုဏ်ထူးအများကြီး ရစေချင်ကြတယ်။ တော်တယ်လို့ပြောရင် “စာတော်” တာနဲ့တွဲပြီး စဉ်းစား ကြတယ်။ ကျောင်းစာနဲ့ပတ်သက်လာရင် ထူးချွန်စေချင် ကြတယ်။ “တော်”ခြင်းကို ရှုထောင့်တစ်ခုက တစ်ဆင့် သတ်မှတ်ခဲ့တယ်။


အခုအချိန်မှာ ကျဉ်းမြောင်းတဲ့ သုံးသပ်မှုတွေကို ကျယ်ကျယ်စဉ်းစားလာခဲ့တာ တွေ့ရတယ်။ ဉာဏ်ထက် မြက်မှုကို သာမန်အားဖြင့် စာတော်ခြင်းလို့ သတ်မှတ်တဲ့ နေရာမှာ IQ ဆိုတဲ့ ပေတံကို အသုံးပြုကြတယ်။ Inte- lligence Quotient ဖြစ်တယ်။ Quotient ဆိုတာက စားခြေဖြစ်တယ်။ စစ်ဆေးမှုတွေကတစ်ဆင့် တစ်ဦးတစ်ယောက်ရဲ့ ဉာဏ်ရည်ထက်မြက်မှုကို တိုင်းတာနိုင်တာဖြစ်တယ်။ ရမှတ်တွေကို အခြေခံပြီး လူတစ်ဦး တစ်ယောက်ရဲ့ “တော်” တဲ့အဆင့်ကို သတ်မှတ်ကြတယ်။ လူဦးရေ ၈၀ ရာခိုင်နှုန်းဟာ IQ ၈၀ မှ ၁၂၀ အတွင်းရှိကြောင်း ဖော်ထုတ်ခဲ့ကြတယ်။ IQ ၁၂၀ ထက်ကျော်တဲ့သူတွေဟာ အလွန်တော်တဲ့သူတွေဖြစ်ပြီး IQ ၈၀ အောက်ရှိ သူတွေအနေနဲ့ ဉာဏ်ရည်ထက်မြက်မှုမှာ အားနည်းသူတွေဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြတယ်။

 

ကမ္ဘာမှာ ထူးခြားတဲ့အဖွဲ့အစည်းတစ်ရပ် ရှိတယ်။ Mensa Society ဒီအဖွဲ့ကိုဝင်ဖို့ အဖွဲ့ဝင်တွေမှာ IQ ၂၀၀ ကျော်ရှိရမယ်။ အလွန့်အလွန်ထူးချွန်တဲ့သူတွေ ဖြစ်တယ်။ အသင်းအဖွဲ့ဝင်ဟာလည်း အရေအတွက် နည်းနည်းသာ ဖြစ်တယ်။ ဉာဏ်ရည်ထက်မြက်မှုကို ဦးနှောက်ပိုင်းဆိုင်ရာ အတွေးအခေါ် အယူအဆသုံးသပ်မှုနဲ့ပတ်သက်ပြီး ပြောဆိုလေ့ရှိတာ တွေ့ရတယ်။

 

ဉာဏ်ရည်ထက်မြက်မှုဟာ ကိုယ်ကာယကြံ့ခိုင်မှုနဲ့ စပ်ဆိုင်ကြောင်းကို Physical Intelligence (PQ) အဖြစ် သတ်မှတ်လာခဲ့တယ်။ တစ်နည်းပြောရရင် ကျန်းမာသန်စွမ်းမှုကို အသိအမှတ်ပြုခြင်းဖြစ်တယ်။ ကျောင်းနေတဲ့ ကလေးသူငယ်တွေအတွက် ဒီဉာဏ်ရည်ထက်မြက်မှုဟာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့်လည်း ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ကျန်းမာရေးအားကစားလှုပ်ရှားမှုတွေကို အားပေးလျက်ရှိတယ်။ ကျန်းမာရေးလိုက်စားမှုဟာ လူတိုင်းမှာ ရှိသင့်တဲ့အကျင့်၊ ယဉ်ကျေးမှုဖြစ်တယ်။ ကိုယ်လက်လှုပ်ရှားမှုကို ဂရုတစိုက်အာရုံပြုရမယ်။ အသက် အရွယ်နဲ့မဆိုင်ဘဲ အရွယ်တိုင်းမှာ အရေးပါတာဖြစ်တယ်။


ဉာဏ်ရည်ထက်မြက်မှုကို စိတ်ခံစားချက်နဲ့ပတ်သက်ကြောင်း ဖော်ထုတ်လာခဲ့ပြီး အခုခေတ်မှာ ခေတ်စားလှတဲ့ Emotional Intelligence (EQ) ရဲ့ အရေးပါမှုကို အသိအမှတ်ပြုလာခဲ့တယ်။ EQ မြင့်မားတဲ့သူဟာ ပေါင်းသင်း ဆက်ဆံရေးမှာ အဆင်ပြေတယ်။ နားလည်မှုရှိအောင် ဆက်သွယ်ဆက်ဆံနိုင်တယ်။ ကျွန်တော့်အနေနဲ့က EQ ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ နှစ်ကျော်ကျော်က လေ့လာခွင့်ရခဲ့ပြီး အခုအချိန်အထိ ဆက်လက်ပြီးနားလည်အောင် ကြိုးစားလျက်ရှိပါတယ်။ EQ ဆိုတာက ကိုယ်ချင်းစာမှု၊ ကရုဏာတရားများမှုတို့ဖြစ်တယ်။

 

အရေးကြီးတဲ့ကိစ္စက ကိုယ့်အကြောင်းကိုယ်သိဖို့ အလွန်လိုအပ်တယ်။ လူတိုင်းမှာ စိတ်ခံစားမှုဆိုတာ ရှိစမြဲ ဖြစ်တယ်။ ဒီခံစားမှုမရှိရဘူးလို့ ပြောခြင်းမဟုတ်ဘဲ ပေါ်လာတဲ့ခံစားမှုကို ကိုယ်သိအောင်ကြိုးစားပြီး လိုအပ်သလို ထိန်းသိမ်းရမှာသာ ဖြစ်တယ်။


နောက်ဆုံးဉာဏ်ရည်ထက်မြက်မှုကတော့ Spiritual Intelligence (SQ) ဖြစ်တယ်။ ယုံကြည်ကိုးကွယ်မှုနဲ့ ပတ်သက်တဲ့အရာဖြစ်တဲ့ မိမိဘာသာကို မြတ်နိုးသလို တခြားဘာသာတွေကိုလည်း အသိအမှတ်ပြုရမယ်။ ယုံကြည်မှုမတူညီတာကို ဆန့်ကျင်ဘက်အနေနဲ့ မမြင်ဘဲ နားလည်မှုပေးရမယ်။ အပြန်အလှန်လေးစားဖို့ လိုအပ်ပါ တယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အခုလို PQ, IQ, EQ နဲ့ SQ တို့နဲ့ပတ်သက်ပြီး သိခဲ့ရတယ်။ လေ့လာခဲ့တယ်။ စောစောကပြောတဲ့စာအုပ်မှာတော့ ဉာဏ်ရည်ထက်မြက်မှု အသစ်တစ်ခုအကြောင်း သိခွင့်ရခဲ့တယ်။ ဒါကတော့ Hope Intelligence (HQ) ဖြစ်တယ်။ မျှော်လင့်ချက်နဲ့ပတ်သက်ပြီး ဉာဏ်ရည်ထက်မြက်ချင်တယ်။ ဒီညွှန်ကိန်း ရှိတာကို ယခင် က ကျွန်တော်မသိခဲ့တာအမှန်ပါ။


HQ ရဲ့ အခြေခံမေးခွန်းက အောင်မြင်တဲ့သူတွေနဲ့ မအောင်မြင်တဲ့သူတွေက ဘယ်လိုကွာခြားသလဲ၊ တချို့က ဘဝကို ပျော်ပျော်ရွှင်ရွှင်ရင်ဆိုင်လှုပ်ရှားနိုင်ပြီး တချို့ကတော့ ဘာကြောင့် စိတ်ညစ်နေကြသလဲ၊ တချို့တွေက အောင်မြင်မှုတွေ ဆက်ဆက်ပြီးရပြီး တချို့က ဘာကြောင့် အခက်အခဲတွေနဲ့ အမြဲရင်ဆိုင်နေရသလဲ၊ တချို့က အရာရာမှာ အဆင်ပြေပြီး တချို့ကတော့ ဘာကြောင့် အဆင်မပြေကြသလဲ၊ အဖြေကတော့ အားပေးမှုဖြစ်တယ်။
ငယ်ငယ်ကတည်းက အားပေးမှုတွေရတဲ့ကလေးဟာ ကြီးပြင်းလာချိန်မှာ အဆင်ပြေတာတွေ့ရတယ်။ ဒါကြောင့် မိဘတွေဟာ မိမိရဲ့သားသမီးတွေကို အမြဲအားပေးဖို့ လိုအပ်တယ်။ ဆရာ ဆရာမတွေအနေနဲ့ ကျောင်းသူ ကျောင်းသားတွေကို အမြဲအားပေးအားမြှောက်ပြုဖို့ လိုအပ် တယ်။ လူတိုင်းဟာ မွေးကတည်းက မျှော်လင့်ချက် အတူတူ ရှိကြတယ်။ ဒါပေမယ့် မိမိထိတွေ့တဲ့ မိသားစုပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ အားပေးမှုတွေကြောင့် မျှော်လင့်ချက် ညွှန်းကိန်းတွေ ပြောင်းလဲလာခဲ့တယ်။


ဒီမျှော်လင့်ချက်ညွှန်းကိန်း မြင့်မားအောင်ပြုစုဖို့ အချက် ခုနစ်ချက်ကို စဉ်းစားဖို့လိုအပ်ပါတယ်။ ပထမကတော့မိမိရဲ့ အားတွေကို အမြဲပြည့်ဖို့ လက်ကိုင်ဖုန်းကို မကြာခဏ အားဖြည့်ရသလို မိမိရဲ့အားတွေကိုလည်း ဖြည့်ဖို့လိုအပ် တယ်။ ကိုယ်နဲ့ပတ်သက်ပြီး အားဖြည့်တဲ့အရာတွေဟာ ဘာတွေဖြစ်တာကို သိနားလည်အောင် ကြိုးစားဖို့လိုအပ် ပါတယ်။ ဒီနေရာမှာ မိမိရဲ့ပတ်ဝန်းကျင်ကို သတိထားဖို့ အရေးကြီးတယ်။ မိမိရဲ့မျှော်လင့်ချက်တွေကို ဖျက်ဆီးတဲ့ ဝေဖန်တဲ့သူတွေကို ရှောင်ရှားရမှာဖြစ်တယ်။ တချို့က ကိုယ့်ကိုအားမပေးဘဲ အမြဲပြစ်တင်ဝေဖန်ကြတယ်။ ဒီပုဂ္ဂိုလ်တွေနဲ့ ဝေးဝေးရှောင်ဖို့လိုတယ်။ ကိုယ့်ရဲ့တိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံရမယ်။ အချိန်ပေးရမယ်။ အခုခေတ်မှာ အခွင့်အရေးတွေက အမျိုးမျိုးရှိတယ်။ ဒီအခွင့်အရေးတွေကို ရသလောက်ယူပြီး ကိုယ့်ရဲ့တိုးတက်မှုကို အစဉ်အာရုံပြုဖို့ အရေးကြီးပါတယ်။


ဒုတိယအချက်ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိရမယ်။ မဖြစ်သေးတာသာရှိပြီး မဖြစ်နိုင်တာ မရှိဘူးဆိုတာကို လက်ခံဖို့လိုအပ်တယ်။ အနာဂတ်ဟာ ကိုယ့်အတွက်ဖြစ်တာကို ယုံကြည်ရမယ်။ အကြောက် တရားကို ယုံကြည်မှု၊ စိတ်ချမှုနဲ့ အစားထိုးရမှာဖြစ်တယ်။ တတိယအချက်ကတော့ အနာဂတ်ကိုအာရုံပြုဖို့ လိုအပ် တယ်။ လူတိုင်းမှာ အနာဂတ်အတွက် လှပတဲ့ရူပါရုံရှိရမှာ ဖြစ်တယ်။ စတုတ္ထအချက်ကတော့ မိမိမှာရှိတဲ့အားသာချက် တွေကိုအသုံးချဖို့။ လူတိုင်းမှာ ထူးတဲ့ပါရမီတွေ ရှိကြတယ်။ ဒါတွေကိုအသုံးချပြီး မိမိဘဝတိုးတက်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ပဉ္စမအချက်ကတော့ ဘဝကိုရင်ဆိုင်တဲ့အခါ ကိုယ်တစ်ဦးတည်း အထီးကျန်အဖြစ် မလှုပ်ရှားဘဲ စစ်မှန်တဲ့ဆက်သွယ်ဆက်ဆံမှုတွေ တည်ဆောက်ရမယ်။ အပေါင်းအသင်း၊ မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် မိသားစုတွေရဲ့ကူညီပံ့ပိုးမှုတွေကို ရယူဖို့လိုအပ်ပါတယ်။ ဆဋ္ဌမအချက်ကတော့ တည်ငြိမ်မှု ရှိအောင် ကြိုးစားဖို့လိုအပ်တယ်။ မိမိဘဝနဲ့ ပတ်သက်ပြီး အချိန်ယူပြီးသုံးသပ်နိုင်စွမ်းရှိရမယ်။

 

နောက်ဆုံးအချက်ကတော့ လူတိုင်းမှာ စိုးရိမ်စိတ်တွေ၊ စိတ်ပူမှုတွေရှိကြတယ်။ ဒါတွေကို ကျော်လွှားနိုင်အောင် ကြိုးစားဖို့လိုအပ်ပါတယ်။ မျှော်လင့်ချက်နဲ့ ပတ်သက်လာရင် မိမိဘဝနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍငါးခုစလုံးမှာ ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။ အိမ်ထောင်ရှိသူ တွေအနေနဲ့ တည်တံ့ခိုင်မြဲတဲ့ဆက်သွယ်ဆက်ဆံမှုကို ထူထောင်ရ မယ်။ တစ်ဦးနဲ့တစ်ဦး အပြစ်တင်မှုတွေ ဖြေလျှော့ပြီး ပြဿနာတွေကို ပူးပေါင်းဖြေရှင်းဖို့ လိုအပ်တယ်။ ပြီးပြည့်စုံမှုမရှိတာကို လက်ခံပြီးနားလည်ခွင့်လွှတ် နိုင်စွမ်းရှိရမယ်။ ကလေးသူငယ်တွေနဲ့ ပတ်သက်လာရင် စောစောကတင်ပြခဲ့သလို မိဘတွေကအမြဲအားပေးနေဖို့ အရေးကြီးလှတယ်။ အရာရာကို စိုးရိမ်ပူပန်မှုတွေကို ဦးစားမပေးဘဲ ယုံကြည်မှုတွေတည်ဆောက်ရမှာ ဖြစ်တယ်။

 

မိမိရဲ့အလုပ်အကိုင်နဲ့ပတ်သက်လာရင်လည်း အလုပ်ပေါ်မှာ အာရုံအပြည့်ထားရမယ်။ စိန်ခေါ်မှုတွေကို ကျော်လွှား ရင်ဆိုင်နိုင်စွမ်းရှိဖို့ အရေးကြီးလှတယ်။ မိမိပတ်ဝန်းကျင်နဲ့ ပတ်သက်လာရင် အများကောင်းကျိုးကို အမြဲရှေးရှုနေဖို့ အရေးကြီးပါတယ်။

 

မျှော်လင့်ချက်အပြည့်နဲ့ ရှင်သန်နေကြတဲ့သူတွေမှာ ယုံကြည်မှုလေးရပ်ရှိတာ တွေ့ရတယ်။ ပထမအနေနဲ့ အနာဂတ်ဟာ ပစ္စုပ္ပန်ထက်ကောင်းရမယ်ဆိုတဲ့ စိတ်ကို အမြဲထားဖို့လိုအပ်တယ်။ ဒုတိယအနေနဲ့က လှပတဲ့ အနာဂတ်ကိုဖန်တီးဖို့ မိမိအင်အားတွေရှိတာကို ယုံကြည်တယ်။ တတိယအချက်ကတော့ ကိုယ့်မျှော်လင့်ချက်တွေ ရဖို့ နည်းလမ်းမျိုးစုံရှိတာကို လက်ခံတယ်။ နောက်ဆုံးအချက်က ဒီနည်းလမ်းတွေမှာ အခက်အခဲမျိုးစုံရှိတာကို အသိအမှတ်ပြုတယ်။


ကျွန်တော့်အနေနဲ့ HQ အကြောင်း အခုလိုလေ့လာခွင့်ရပြီး ဒီအကြောင်းကို အများသိအောင် ဆောင်ရွက်ချင် တယ်။ ဒီဆောင်းပါးကတစ်ဆင့် မျှဝေခဲ့သလို အွန်လိုင်းကတစ်ဆင့် ဟောပြောပွဲနှစ်ပွဲ လုပ်ခဲ့တယ်။

 

အမှန်တော့ လူတွေဟာ မျှော်လင့်ချက်တွေနဲ့အသက် ရှင်နေကြသူတွေဖြစ်တယ်။ မျက်မှောက်အနေအထား ဘယ်လိုပုံစံရှိရှိ အနာဂတ်မှာ အခုထက်ကောင်းမွန်ရမယ် ဆိုတဲ့စိတ်ထားကို အစဉ်လက်ကိုင်ထားဖို့လိုအပ်တယ်။ ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုအတွက်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ မျှော်လင့် ချက်တွေနဲ့ အသက်ရှင်လှုပ်ရှားကြဖို့ လိုအပ်တယ်။ မျှော်လင့်ချက်လို့ ပြောတဲ့နေရာမှာ လက်တွေ့ကျကျ စဉ်းစားတွေးခေါ်နိုင်ဖို့ လိုအပ်တယ်။ စိတ်ကူးယဉ်မှုဟာ မျှော်လင့်ချက်နဲ့ မတူညီပါဘူး။ မဖြစ်နိုင်တာတွေကို စဉ်းစားရုံမဟုတ်ပါဘူး။ မိမိရဲ့ ဘဝရှင်သန်တိုးတက်ဖို့ မျှော်လင့်ချက်နဲ့ အသက်ရှင်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။    ။