ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးမှာ စီးပွားရေးကပ်ဆိုက်နေတာ ထင်ရှားပါတယ်။ တစ်ဖက်က ကျန်းမာရေး ကပ်ရောဂါကြီး ရင်ဆိုင်နေရသလို တစ်ဖက်မှာလည်း စီးပွားရေးအခြေအနေဟာ အလွန်ဆိုးရွားလျက်ရှိတယ်။ အလုပ်လက်မဲ့အရေအတွက်ဟာ ၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားရေးကပ်ဆိုးထက် မြင့်မားလျက်ရှိတယ်။ ကိုဗစ်-၁၉ ရဲ့ဒဏ်ကို ကဏ္ဍတစ်ခုတည်း၊ တစ်နိုင်ငံတည်း ခံရတာမဟုတ်ဘဲ ကဏ္ဍတိုင်း၊ နိုင်ငံတိုင်းမှာ အလူးအလဲခံနေရတယ်။
စီးပွားရေးရိုက်ခတ်မှု
အခြေခံ စီးပွားရေးသဘောအရ အစက တရုတ်နိုင်ငံ ဝူဟန်ဒေသကနေစတဲ့ ပြဿနာဟာရောင်းလိုအားတုန်လှုပ် ချောက်ချားမှု(Supply Shock) စတင်ခဲ့တယ်။ အခုလို ရောင်းလိုအားမှတစ်ဆင့် ဝယ်လိုအား တုန်လှုပ်ချောက်ချား မှု (demand shock)အဖြစ် ကူးပြောင်းခဲ့တာဖြစ်တယ်။ ဒါကြောင့် တစ်ချိန်တစ်ခါမှ မကြုံတွေ့ရဖူးတဲ့ ရောင်းလို အားနဲ့ ဝယ်လိုအားနှစ်ဖက်က ဖြစ်ပေါ်လာတဲ့အတွက် စီးပွားရေးရိုက်ခတ်မှုတွေဟာ ပိုမိုကြီးထွားလာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ပေါ်ပေါက်လာပြီး တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို မောင်းနှင်ပေးတဲ့ (Globalization) အရှိန်အဟုန်ကို ရပ်တန့်အောင် ဖန်တီးခဲ့တယ်။
နိုင်ငံတိုင်းမှာ အခုလို ဒွန်တွဲနေတဲ့ ပြဿနာကြီးကို ပုံစံအမျိုးမျိုးနဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားနေကြရတာ တွေ့ရတယ်။ သေသေချာချာသုံးသပ်ရင် အသက်(Lives)နဲ့ အသက်မွေးမှု(Livelihoods)ကို လွန်ဆွဲနေရတဲ့ ဒုက္ခ ဖြစ်တယ်။ တစ်နည်းပြောရရင် ကျန်းမာရေးပြဿနာနဲ့ စီးပွားရေးအခက်အခဲ။ ဒီနှစ်ရပ်ကို ရွေးချယ်နေရသလို ဖြစ်တယ်။ အမှန်တော့ အခုလို ဝိရောဓိရွေးချယ်မှုမဟုတ်ဘဲ တစ်ဖက်က ကျန်းမာရေး စောင့်ရှောက်မှုကို ဦးစားပေးသလို တစ်ဖက်မှာလည်း စီးပွားရေးအခက်အခဲတွေကို ကျော်လွန်နိုင်အောင် ကြိုးစားရမှာသာဖြစ်တယ်။ အစားထိုးရမယ့် ကိစ္စနှစ်ရပ်အနေနဲ့ သုံးသပ်လို့ မဖြစ်ပါဘူး။
အမေရိကန်ပြည်ထောင်စုမှာ အခုလို လွန်ဆွဲတဲ့ မေးခွန်းတွေ ထုတ်ခဲ့တာမို့ အခက်အခဲတွေ ရင်ဆိုင်နေရတာကို တွေ့ရပါတယ်။ စီးပွားရေးထိခိုက်မှုကို ကုစားဖို့လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ၊ စက်ရုံအလုပ်ရုံတွေကို အမြန်ဆုံးဖွင့်ဖို့ ကြိုးစားခဲ့တယ်။ ပြည်သူတွေအနေနဲ့ မွန်းကျပ်နေကြတာမို့ ပုံမှန်အတိုင်း လှုပ်ရှားနေထိုင်ခဲ့ကြတယ်။ အန္တရာယ်ကို အလေးမထားခဲ့လို့ ကပ်ရောဂါကြီးရဲ့ အရှိန်အဟုန်ဟာ တစ်ဟုန်ထိုးတိုးမြင့်လာခဲ့တယ်။ ဂျာမနီ၊ အီတလီနဲ့ ဥရောပနိုင်ငံတွေမှာတော့ တင်းတင်းကျပ်ကျပ်လုပ်ခဲ့တာမို့ ကပ်ရောဂါကြီးကို သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်နိုင်ခဲ့တယ်။ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်နိုင်ငံတွေမှာလည်း ပြဿနာကို ကျော်လွှားနိုင်ခဲ့တယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဟာ အခုလိုကျန်းမာရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ ထိခိုက်မှုတွေရှိရုံမက နိုင်ငံရေး အခင်းအကျင်းမှာလည်း အကျုံးဝင်လာတာကို တွေ့ရတယ်။ အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလမှာ ကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲကြီးကို ကိုဗစ်-၁၉ ဟာ လွှမ်းမိုးလာခဲ့တာကို တွေ့ရတယ်။ အပြန်အလှန် ဝေဖန်မှုတွေ၊ ပြစ်တင်မှုတွေနဲ့ မဲဆွယ်နေတာတွေ့ရတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးကိုဖွင့်လိုက်တဲ့ ကာလကစပြီး ကမ္ဘာကြီးနဲ့ ပိုပြီးရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံ လာခဲ့တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုဖိတ်ခေါ်ခဲ့တယ်။ အားပေးလျက်ရှိတယ်။ ဒါကြောင့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ပြီးဝင်နေတာကို ဝမ်းသာစရာတွေ့ရတာ။ လုံးဝရပ်တန့်သွားခြင်းမရှိဘဲ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဝင်ရောက်ဆဲဖြစ်တယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ပုံစံအမျိုးမျိုးနဲ့ ပံ့ပိုးအားပေးလျက်ရှိတယ်။ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် အဆင်ပြေချော မွေ့နိုင်အောင် စီမံဆောင်ရွက်လျက်ရှိပါတယ်။
တလောက ကျွန်တော့်ကို ရုပ်မြင်သံကြား အစီအစဉ်တစ်ခုက ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တယ်။ လက်ရှိအခြေအနေမှာ သတ်မှတ်ထားသလို ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်တွေ ပြည့်မီဖို့အလားအလာကောင်းပါတယ်။ အမှန်တော့ မြန်မာနိုင်ငံဟာ ကဏ္ဍအသီးသီး၊ နယ်ပယ်အသီးသီးမှာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ မျိုးစုံရှိပါ တယ်။ ဒါကြောင့်လည်း ရင်းနှီးလိုတဲ့သူတွေက မျက်စိကျကြတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာ
မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာကို အများကစိတ်ဝင်စားကြတယ်။ ဒါကြောင့် ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး ကျွန်တော် ရုပ်မြင်သံကြားကတစ်ဆင့် အစီအစဉ်တွေ ဆောင်ရွက်ခဲ့တယ်။ ပထမအစီအစဉ်ကတော့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများ အသင်းရဲ့အစီအမံနဲ့ နှစ်ပွဲလုပ်ခဲ့တယ်။ ပထမပွဲမှာတော့ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ် ကြတဲ့ ဦးသောင်းတင်နဲ့ ဦးဝေဖြိုးတို့နဲ့ ဒီအစီအစဉ် ဆောင် ရွက်ဖို့ အသင်းချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက ကျွန်တော့်ကို ကမ်းလှမ်းခဲ့တယ်။ ဒါကြောင့် လက်ရှိအနေအထားအရ လူတွေ့ပြီးဆောင်ရွက်ဖို့ အခက် အခဲရှိတာမို့ Zoom နည်းပညာနဲ့ လုပ်ခဲ့တယ်။ အစီအစဉ် တစ်ခုလုံးရဲ့ ခေါင်းစဉ်ကို ကိုဗစ်-၁၉ ကာလနဲ့ ကိုက်ညီအောင် (New Beginnings Through Renewed Partner-ships)အဖြစ်ပေးခဲ့တယ်။ အဓိပ္ပာယ်က ကိုဗစ်-၁၉ အလွန် ကာလကို ခြေလှမ်းအသစ်များအဖြစ် စဉ်းစားဖို့ လိုအပ် ပါတယ်။
ပုံမှန် အသစ်
အခုကာလမှာ အသုံးများတဲ့(New Normal) ပုံမှန် အသစ်။ အမှန်တော့ ကိုဗစ်-၁၉ ကြောင့် ပုံမှန်အခြေအနေဆိုတာ မရှိနိုင်တော့တာကို လက်ခံရမှာဖြစ်တယ်။ "အရင်အတိုင်း" ဆိုတဲ့ အခြေအနေမရှိတော့ဘူးဆိုတာကို လက်ခံဖို့ လိုအပ်တယ်။ ကျွန်တော့်စိတ်ထဲမှာ အများကလက်မခံကြသေးဘူးလို့ ခံစားမိတယ်။ "အရင်လို - အရင်အတိုင်း"ကို တမ်းတနေကြတယ်။ မျှော်လင့်နေကြတယ်။ ပုံမှန်ဆိုတာ မရှိနိုင်တော့ဘဲ ပုံမှန်အသစ်ကို လက်ခံရမှာဖြစ်တယ်။ အရင်လို ရုံးတွေပြန်တက်လို့ မရတော့ဘူး။ အစည်းအဝေးတွေ အရင်လိုလုပ်လို့ မရတော့ဘူး။ အရင်လို သင်တန်းတွေ ဖွင့်လို့ မရတော့ဘူး။ ပုံစံအသစ်နဲ့ လှုပ်ရှားရမှာ၊ ဆောင်ရွက်ရမှာ။ အခုလိုလုပ်တာကို မလုပ်ချင်ကြဘူး။ အကျင့်ပါ နေသလိုပဲ လှုပ်ရှားချင်ကြတယ်။ ဒါက သဘာဝမကျဘူး။ မဖြစ်နိုင်တော့ဘူးဆိုတာကို လက်ခံနိုင်ဖို့ လိုအပ်တယ်။ အခြေအနေတွေ ကောင်းပြီဆိုပြီး နှာခေါင်းစည်းတွေ မတပ်ကြတော့ဘူး။ လူစုလူဝေးတွေ လုပ်ချင်ကြတယ်။ စားသောက်ဆိုင်တွေမှာလည်း လူအပြည့်၊ လမ်းတွေပေါ်မှာလည်း အရင်လို ကားတွေကျပ်နေတာ။ ခပ်ခွာခွာနေဖို့ ကြော်ငြာဘုတ်တွေ ထောင်ထားပေမယ့် လက်တွေ့မှာမလုပ်ကြဘူး။ လက်ဆေးဖို့ တိုက်တွန်းနေပေမယ့် မလုပ် ကြတော့ဘူး။ တာဝန်ရှိသူတွေက အစဉ်သတိပေးနေပေမယ့် ဂရုမစိုက်ကြတော့ဘူး။ ဒါကြောင့် အသစ်ကစဖို့ လိုအပ်ကြောင်း ဆွေးနွေးဖို့စီစဉ်ခဲ့တာ။
နိုင်ငံတော်ကဏ္ဍနဲ့ ပုဂ္ဂလိကကဏ္ဍ
တစ်ဖက်မှာလည်း နိုင်ငံတော်ကဏ္ဍနဲ့ ပုဂ္ဂလိကကဏ္ဍ နှစ်ခုအကြား ပိုမိုရှင်သန်တဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ် မှာဖြစ်တယ်။ အမှန်တော့ ဒီကဏ္ဍနှစ်ခုဟာ နိုင်ငံရဲ့ စီးပွားရေးအဆောက်အအုံအတွက် ပဓာနကျတာဖြစ်တယ်။ ကဏ္ဍနှစ်ခုနားလည်ဖို့ လိုအပ်တယ်။ အသိအမှတ်ပြုရမယ်။ နိုင်ငံရေးဘောဂဗေဒအမြင် ရှိရမယ်။ ကဏ္ဍနှစ်ခု အကြား၊ ယုံကြည်မှုတွေ တည်ဆောက်ရမယ်။ ခိုင်မြဲအောင် စီစဉ်ရမယ်။ လွတ်လပ်ရေးရပြီးချိန်ကစပြီး ယနေ့အချိန်အထိ ကဏ္ဍနှစ်ခုရဲ့ ဆက်သွယ်မှု ဆက်စပ်မှုတွေကို ပုံစံအမျိုးမျိုးနဲ့ ဖော်ထုတ်ခဲ့တယ်။ လွတ်လပ်ရေးရပြီးချိန်ကစပြီး စီးပွားရေးပုံစံအခြေခံအဆောက်အအုံအမျိုးမျိုးကို စမ်းသပ်ပြီး ကြိုးစားခဲ့ကြတယ်။ ဒီနေရာမှာ အတိတ်ရဲ့ ထမင်းလုံး တစ္ဆေအခြောက်ခံခဲ့ရတယ်။ ကိုလိုနီခေတ်ကာလမှာ ကိုလိုနီအုပ်ချုပ်မှုအောက် နိုင်ငံခြားအရင်းရှင်တွေရဲ့ လွှမ်းမိုးမှုတွေ ခံခဲ့ရတယ်။
ဒါကြောင့်လည်း လွတ်လပ်ရေးကြိုးပမ်းမှုတွေနဲ့အတူ အရင်းရှင်စနစ်ဆန့်ကျင်ရေးဝါဒက လွှမ်းမိုးခဲ့တယ်။ အရင်းရှင် စီးပွားရေးစနစ်ကို ကိုလိုနီနိုင်ငံရေးစနစ်နဲ့တွဲပြီး သုံးသပ်ခဲ့တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာ ပုဂ္ဂလိကကဏ္ဍ ကို မှေးမှိန်အောင်လုပ်ခဲ့တယ်။ ပြည်သူပိုင်သိမ်းခဲ့တယ်။ ပုဂ္ဂလိကကဏ္ဍရဲ့နေရာမှာ သမဝါယမစနစ်ကို ဒုတိယ မဏ္ဍိုင်အနေနဲ့ ထူထောင်ခဲ့တယ်။ အရင်းရှင်စနစ်ကို ဆန့်ကျင်ခဲ့တယ်။ ၁၉၈၈ နောက်ပိုင်းမှာ နိုင်ငံရဲ့စီးပွားရေး စနစ်ကို ဖွင့်ခဲ့ပြီး ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ထုတ်ခဲ့တယ်။ ဒါပေမယ့် ဒီဈေးကွက်စီးပွားရေးစနစ်ဟာ အရင်းရှင်စီးပွားရေးအပေါ် ရပ်တည်နေတာကို အသိအမှတ်မပြုခဲ့ဘူး။ ဒါကြောင့်လည်း အရင်းရှင်ဆိုတဲ့ အသုံးအနှုန်း ကို မကြားရတော့ဘူး။ အမှန်တော့ တစ်ကမ္ဘာလုံးမှာလည်း အခုလို နိုင်ငံရေး ဘောဂဗေဒ အတွေးအခေါ်တွေဟာ ပြောင်းလဲခဲ့တယ်။ ဝေါဟာရ အသုံးအနှုန်းဟာ အရေးမကြီးတော့ဘဲ လက်တွေ့မှာ အဆင်ပြေဖို့ အရေးကြီးတာကိုပဲ စဉ်းစားလာကြတယ်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ နိုင်ငံရေးဘောဂဗေဒ အတွေးအခေါ်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ လျော့ပါးလာခဲ့တယ်။
ဆွေးနွေးပွဲအစီအစဉ်များ
ကျွန်တော်တို့ရဲ့ ပထမအစီအစဉ်မှာ အသင်းချုပ်က တာဝန်ယူနေတဲ့ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ နှစ်ဦးက သူတို့ရဲ့ အမြင် အယူအဆတွေကို မျှဝေပေးခဲ့တယ်။ အသင်းချုပ်မှာ တာဝန်ယူရုံမက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း ဦးစီးနေကြသူတွေဖြစ်တာမို့ သူတို့ရဲ့ ဆွေးနွေးမှုတွေဟာ အလွန်စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ပုဂ္ဂလိက ကဏ္ဍကို တစ်ထောင့်တစ်နေရာက တာဝန်ယူနေသူတွေ အနေနဲ့ အခုလို အမြင်ကျယ်ကျယ်နဲ့ သုံးသပ်ခဲ့တာ တွေ့ရတဲ့အတွက် အလွန်ကျေနပ်အားရမိပါတယ်။
ဒုတိယအကြိမ်မှာတော့ နေပြည်တော် ဒုတိယ မြို့တော်ဝန်နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဦးရဲမင်းဦးနဲ့ ဆွေးနွေးခွင့်ရခဲ့ပါတယ်။ ဦးရဲမင်းဦးဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြီးနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့စီးပွားရေးတုံ့ပြန်မှု အစီအစဉ်မှာ တာဝန်ယူထားသူမို့ နိုင်ငံတော်ကချမှတ်ထားတဲ့ ပေါ်လစီ မူဝါဒတွေ၊ လက်တွေ့ ဆောင်ရွက်မှုတွေကို အသေးစိတ်သိခွင့်ရခဲ့တယ်။ စီးပွားရေးနာလန်ထူဖို့ ပုံစံအမျိုးမျိုးနဲ့ ဆောင်ရွက်နေတာကို သိခွင့်ရခဲ့တယ်။ ငွေကြေးဆိုင်ရာ ဆောင်ရွက် ချက်တွေ ဘဏ္ဍာရေးဆိုင်ရာ လုပ်ဆောင်မှုတွေကို အသေးစိတ် တင်ပြပေးခဲ့ပါတယ်။
ကျွန်တော်က B2B စီးပွားရေးစကားဝိုင်းမှာ ဒေါက်တာ သက်သက်ခိုင်၊ ဦးဝေဖြိုး၊ ဦးဇေယျာသူ သုံးဦးနဲ့ ဆွေးနွေးခဲ့ပါ တယ်။ သူတို့သုံးဦးဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ မီဒီယာကဏ္ဍတွေမှာ ထင်ထင်ရှားရှား လှုပ်ရှားနေကြသူများ ဖြစ်တာမို့ သူတို့ရဲ့သုံးသပ်ချက်တွေဟာ အလွန်စိတ်ဝင်စားစရာကောင်းသလို တန်ဖိုးရှိလှပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာနဲ့ ပတ်သက်လာရင် လူတွေမှာ ကိုယ်စီကိုယ်င အမြင်တွေ၊ အတွေးတွေ၊ သုံးသပ်ချက်တွေ တူညီကြမှာ မဟုတ်ကြ ပါဘူး။ ကိုယ်ရင်းနှီးတဲ့၊ အကျွမ်းတဝင်ရှိတဲ့ ရှုထောင့်ကနေ သုံးသပ်ကြမှာဖြစ်တယ်။ တစ်ဖက်တည်းကြည့် တာ မဟုတ်ဘဲ ဘက်စုံထောင့်စုံက သုံးသပ်ရမှာဖြစ်တယ်။
ကျွန်တော့်အနေနဲ့ ခြုံငုံသုံးသပ်တဲ့အခါ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုတွေရှိတာ သေချာပါတယ်။ လုပ်ငန်းတွေ ပိတ်ခဲ့ရတယ်။ အလုပ်လက်မဲ့တွေ တိုးလာခဲ့တယ်။ စားသုံးသူများရဲ့ ဝယ်လိုအားလျော့လာသလို နိုင်ငံတကာစီးပွားရေးဆက်ဆံမှုတွေဟာ နှေးကွေးခဲ့တယ်။ ခရီးသွားကဏ္ဍ၊ စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်းတွေ ရပ်ဆိုင်းခံရတယ်။
အခွင့်အရေးနဲ့ အခွင့်အလမ်း
ဒါပေမယ့် အခုလို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အခွင့်အရေး၊ အခွင့်အလမ်းအနေနဲ့ မြင်ဖို့လိုအပ်တယ်။ အခက်အခဲရှိတာမှန်သလို အခွင့်အရေးဆိုတာ မြင်တတ်ရင်၊ ယူတတ်ရင် ရစမြဲဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ အများစုက လူငယ်တွေဖြစ်ကြတယ်။ ဒစ်ဂျစ်တယ်နည်း ပညာနဲ့ ရင်းနှီးကြတယ်။ ဒါကြောင့် အခုလို အခက်အခဲတွေ ကြုံတွေ့နေရချိန်မှာ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ဖော်ထုတ်ဖို့လိုတယ်။ လုပ်နေတာကိုလည်း ဝမ်းသာစရာ မြင်တွေ့ရတယ်။ တစ်ဖက်က အစိုးရအဖွဲ့အစည်းတွေမှာ ဒစ်ဂျစ်တယ်စနစ်ကို ဖော်ဆောင်ဖို့ ကြိုးစားခဲ့ တာ အချိန် အတော်ကြာမြင့်ခဲ့တယ်။ အခုလို ကိုဗစ်-၁၉ လေးလအတွင်း ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ချက်ချင်းဖော်ထုတ် နိုင်ခဲ့တယ်။
အွန်လိုင်းစီးပွားရေးစနစ်ကို လူတိုင်းကျင့်သုံးနေကြတာ တွေ့ရတယ်။ ကြီးထွားမှုနှုန်း အဆမတန်ကြီးထွားခဲ့တယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေ ယာယီပိတ်ထားရပေမယ့် အွန်လိုင်းကတစ်ဆင့် ပညာရေးဝန်ဆောင် မှုတွေ ဖော်ထုတ် လျက်ရှိတာ မြင်ရတယ်။ ဒီထက် တိုးတက်အောင်လုပ်ဖို့ ဆန္ဒရှိနေတာကိုလည်း တွေ့ရတယ်။ ဒါကြောင့် ပုဂ္ဂလိကကဏ္ဍရဲ့ စွန့်ဦးတီထွင်မှုတွေကို အားပေးကြရမှာဖြစ်တယ်။ လွှတ်ပေးဖို့ လိုအပ်တယ်။ ကျွန်တော်တို့နိုင်ငံကို လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်ကျော်က အရှေ့တောင်အာရှဒေသမှာ စီးပွားရေးအရ အလားအလာအကောင်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ သတ်မှတ်ခဲ့တယ်။ ဒီမျှော်မှန်းချက်အတိုင်းဖြစ်အောင် ဆောင်ရွက်ဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ။


