၂၅ မတ်

ငယ်ငယ်တုန်းက “ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်” ဆိုတဲ့ ပဟေဠိကို သတိရမိတယ်။ “ဗျိုင်းနားလို့ ကိုင်းရတယ်” ဆိုတဲ့ လွယ်ကူပြီး မြင်သာတဲ့အဖြေကို ပေးတတ်ကြတဲ့အကျင့်က လူအတော်များများ  အခုချိန်အထိ စွဲကပ်နေတယ်။ အပေါ်ယံအဖြေနဲ့ ကျေနပ်နေကြတယ်။ အမှန်တော့ အခြေခံကိုသိရမယ်။ ဇာစ်မြစ်ကို နားလည်ဖို့ လိုမယ်။ အပေါ်ယံကိုပဲ သုံးသပ်နေရင် ဆေးမီးတိုနဲ့ ကုစားနေသလိုဖြစ်နေတာ။

ပြဿနာရဲ့ဇာစ်မြစ်

လက်ရှိ  နိုင်ငံမှာဖြစ်ပေါ်နေတဲ့  အခြေအနေတွေအားလုံးကိုခြုံငုံသုံးသပ်ရင်  အခြေခံကဒါပဲဖြစ်နေတယ်။  ရခိုင်ပြည်မှာ ဖြစ်ပေါ်လာတဲ့၊  ဖြစ်နေတဲ့  ပဋိပက္ခတွေဟာ  မနေ့တစ်နေ့က ပေါ်လာတဲ့  အနေအထားတွေ  မဟုတ်ဘူး။    နှစ်ပေါင်းများစွာက ပုံစံအမျိုးမျိုး၊  အခြေအနေအမျိုးမျိုး    ဖြတ်ကျော်ကြုံတွေ့ပြီး ပေါ်လာတဲ့ကိစ္စဖြစ်တယ်။ အခြေခံတစ်ခုကတော့ စီးပွားရေးနှောင့်နှေးလို့ဖြစ်တယ်။    ဖွံ့ဖြိုးမှုနိမ့်ကျလာပြီး  အခက်အခဲအမျိုးမျိုးနဲ့  ရင်ဆိုင်ရတယ်။    စီးပွားရေးအခွင့်အလမ်းကိုရယူလိုသူတွေ တစိမ့်စိမ့်ဝင်ခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး။ နယ်စပ်ဒေသကို  လုံလုံခြုံခြုံ  မဖန်တီးနိုင်တာမို့  ပြဿနာက ပိုကြီးလာတယ်။  နယ်စပ်ဒေသမှာရှိတဲ့  နေရာတိုင်းမှာ ဒီပြဿနာရှိတယ်။ အခြေအနေကောင်းတဲ့    ဒေသထဲကိုအခြေအနေဆိုးတဲ့ ဒေသကလူတွေစီးဝင်မှုဟာ ကမ္ဘာလုံးပြဿနာ။ ဥရောပမှာ ဒီပြဿနာတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခြင်းခံခဲ့ရတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း မက္ကဆီကိုက ရွှေ့ပြောင်းလုပ်သားတွေကြောင့် နံရံကြီးတည်ဆောက်ဖို့  ကြိုးစားနေတာ။ နိုင်ငံတိုင်းမှာ နယ်စပ်ဒေသကို  လုံခြုံအောင် ကြိုးစားရမှာ။ ခက်နေတာက အခုလိုတရားမဝင်ဘဲ ဝင်လာခဲ့တဲ့အကြောင်းရင်းကို  ပြောကြသူတွေ  မရှိသလောက်ဖြစ်နေပြီး  လက်ငင်း အနေအထားကိုသာ အာရုံစိုက်နေကြတယ်။

လမ်းပန်းဆက်သွယ်ရေး  

အခြေခံအဆောက်အအုံအားနည်းမှုတွေကြောင့် စီးပွားရေးအရ အလွန်အလားအလာကောင်းတဲ့ ရခိုင်ပြည်နယ်ဟာ တဖြည်းဖြည်း နောက်ကျကျန်ခဲ့တယ်။ ပိုပြီးဆိုးတာက တစ်ချိန်တုန်းက အလွန်တိုးတက်ခဲ့တဲ့ဒေသ။  လယ်ယာစိုက်ပျိုးရေး၊  သားငါးကဏ္ဍ  အသီးသီးမှာ ဖွံ့ဖြိုးခဲ့တာ။ ဒါကြောင့်လည်း အလုပ်အကိုင်အခွင့်အရေးတွေပေးနိုင်ခဲ့တာကြောင့် တစ်ဖက်နိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေစီးဝင်လာတာ။  ဝင်လာတာတွေကိုလည်း  စနစ်တကျ လက်ခံမှုမရှိတာကြောင့် ပြဿနာဟာ ကြီးထွားလာခဲ့တာ။

ဘက်ပေါင်းစုံမှ အဖြေရှာအခုတော့ ဖြစ်ခဲ့တာတွေကို  ပြန်ပြောနေတာထက်အကြောင်းရင်းဇာစ်မြစ်ကို ရှာဖွေပြီး အဖြေရှာဖို့ လိုအပ်တယ်။ ဘက်ပေါင်းစုံက သုံးသပ်လို့ရတဲ့ အဖြေကတော့ စီးပွားရေးပဲ။   စီးပွားရေးကောင်းလာအောင် ဘယ်လိုလုပ်ကြမလဲ။  အခြေခံအဆောက်အအုံတွေဖြစ်တဲ့  လျှပ်စစ်မီး၊ လမ်းတံတား၊   ကျောင်း၊   ဆေးရုံ၊  ဒါတွေကို  အမြန်ဆုံး ဖော်ဆောင်ဖို့လိုသလိုအလုပ်အကိုင်အခွင့်အရေးတွေ ဖန်တီးပေးရမယ်။ အလုပ်ရှိတဲ့သူမှာ အခြားအာရုံရှိနိုင်မှာ မဟုတ်ဘူး။

ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးအခွင့်အလမ်းတွေကို လူ့အဖွဲ့အစည်းအားလုံးကို ပေးနိုင်ဖို့လိုအပ်တယ်။  တစ်ဖက်ကလည်း   အသိုင်းအဝိုင်းအချင်းချင်း သဟဇာတဖြစ်အောင်  ဖန်တီးပေးဖို့   လိုအပ်တယ်။ ယုံကြည်မှုတွေတည်ဆောက်ကြရမယ်။ ဒီနေရာမှာ တိုင်းရင်းသား ရခိုင်တွေရဲ့အမြင်၊ အတွေး၊ ခံစားချက်တွေကိုလည်း လေးစားဖို့လိုအပ်တယ်။ ကိုယ်ချင်းစာရမယ်။ လတ်တလော အခြေအနေမှာတော့နိုင်ငံတကာဖိအားတွေဟာ    ပြင်းထန်နေကြတယ်။  ဒါတွေကိုမြေပြင်အခြေအနေမှာ  သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ တုံ့ပြန်ဖို့လိုအပ်တယ်။ ဒါကြောင့်တစ်လောက  သံတွဲမှာ ကျင်းပခဲ့တဲ့  ရင်းနှီးမြှုပ်နှံမှုပွဲကြီးဟာ အလွန်အရေးကြီးလှတဲ့ခြေလှမ်းဖြစ်တယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာစေချင်ရင်  အကြောင်းရင်းဇာစ်မြစ်ကို သုံးသပ်ဖို့လိုအပ်တယ်။ ရင်းနှီးမြှုပ်နှံတဲ့သူတွေဘက်က ကြည့်ရမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူမှာ ရွေးချယ်စရာ နေရာဒေသတွေ အများကြီးရှိတယ်။  မြန်မာပြည်ကို ဦးစားပေးပြီး ရွေးချယ်လိမ့်မယ်လို့   စဉ်းစားနေလို့မရဘူး။  ရင်းနှီးမြှုပ်နှံသူက ဘာကိုသွားမလဲ၊ ဘယ်မှာရင်းနှီးမလဲဆိုတာတွေကို တွက်ချက်မှာပဲ။    မက်လုံးကလည်း  အရေးပါတယ်။  ဗီယက်နမ်နိုင်ငံက  အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်ပေးရင် ကျွန်တော်တို့က  ၁၀ နှစ်၊ ၁၅ နှစ်ပေးနိုင်ဖို့ လိုတယ်။ အခက်ခဲဆုံးက  မြေကြီး။ ကျွန်တော်တို့က  မြေငှားခကို  မက်နေကြတယ်။  အကယ်၍ မြေငှားခ မကောက်ရင်  ဘာဖြစ်မလဲ။  “ထောင်မြင်ရာစွန့်”  တတ်ဖို့က အရေးကြီးတယ်။  ငှားခမပေးရတဲ့ မက်လုံးကြောင့်  စက်ရုံလာဆောက်မယ်ဆိုရင်  ရနိုင်တဲ့အကျိုးဆက်တွေနဲ့ စွန့်လွှတ်ရမယ့် မြေငှားခကို ချိန်ဆနိုင်ရမယ်။ မြေငှားခကိုသာ မက်နေရင်အလုပ်အကိုင် အခွင့်အရေးတွေ ဆုံးရှုံးသွားမှာ။  

ကျိုးအမြတ်နဲ့ စွန့်လွှတ်မှုအခွန်နဲ့  ပက်သက်လာရင် ဒီလိုပဲ။  အခွန်နှုန်းလျှော့ချရင်နိုင်ငံဝင်ငွေလျော့မယ်လို့မြင်နေကြတယ်။ တကယ်တော့အခွန်နှုန်းလျှော့ရင်  ပေးချင်စိတ်တွေ တိုးလာနိုင်တာမို့  အခွန်ပမာဏတိုးမှာ။ နှုန်းနဲ့ပမာဏ မခွဲခြားနိုင်ဘဲ စဉ်းစားဆုံးဖြတ်ရင်မှားနိုင်တယ်။ တစ်လောက ပြည်ဝင်ခွင့်  ဗီဇာကြေးမကောက်တာနဲ့ပတ်သက်ပြီး တချို့က ဗီဇာကြေးတွေ မရတာကြောင့် တိုင်းပြည်ဝင်ငွေနည်းမှာ  စိုးရိမ်ကြတယ်။ ဗီဇာကြေးမယူတာမို့  ကမ္ဘာလှည့်ခရီးသည်တွေ ပိုဝင်လာရင် စွန့်လွှတ်လိုက်ရတဲ့  ဗီဇာကြေးတွေက  ဘာမှမဖြစ်လောက်တဲ့  ပမာဏ။  အခုလိုနေရာတိုင်း ဖြစ်နေတာ အခြေအနေတစ်ခုကို အစအဆုံး စဉ်းစားနိုင်စွမ်းမရှိလို့ဖြစ်တယ်။

ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုနေချိန်မှာ  အဟန့်အတားတွေကို သိဖို့လိုတယ်။      သိပြီးဖယ်ရှားရမယ်။ အစိုးရအနေနဲ့စီးပွားရေးလုပ်ဖို့  လွယ်ကူအောင် အမျိုးမျိုးကြိုးစားနေတာ။  ဒီထက်ပိုလုပ်ရတယ်။ ဌာနအချင်းချင်း ညှိနှိုင်းမှုအားနည်းတာ တွေ့ရတယ်။    နယ်မြေလုတယ်။  ကိုယ့်ကိစ္စ၊  သူ့ကိစ္စစဉ်းစား နေတယ်။ “တို့ကိစ္စ” လို့ မမြင်ကြဘူး။ ခက်အောင်လုပ်မှဆိုတဲ အတွေးတွေ စွဲကပ်နေတာ။ ကိုယ့်နည်းတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုနေကြတဲ့သူတွေ ဘာတွေလုပ်နေကြသလဲ။ ဘယ်လိုမက်လုံးတွေ ပေးနေကြသလဲ။ ဒါတွေကိုသုံးသပ်ပြီး သူတို့ထက်သာအောင် လုပ်ရမယ်။ မှတ်ပုံတင်ဖို့ သူတို့ဆီမှာ နှစ်ရက်ကြာရင်ကိုယ့်ဆီမှာ  ၂ နာရီနဲ့ လုပ်နိုင်အောင် အားထည့်ရမယ်။  သူတို့မှာ မြေကြီးတွေကို အခမဲ့ပေးနိုင်ရင် ကိုယ်ကဘာလို့မပေးနိုင်ရမလဲ။  အမှန်တော့ ကိုယ့်ရည်ရွယ်ချက်ကို  သိရမယ်။   ကိုယ်လိုချင်တာ  သိရမယ်။

တစ်လောက  သီလဝါအထူးစက်မှုဇုန်ကို  ရောက်ခဲ့တယ်။  ဖော်ထုတ်ထားတဲ့ One-Stop-Service  (OSS)  ဟာ အမှန်တကယ်ပဲ တစ်နေရာတည်းမှာ ကိစ္စအားလုံးပြီးနိုင်တယ်။ ဟိုသွားလိုက် ဒီသွားလိုက်၊  တက်လိုက်  ဆင်းလိုက် လုပ်စရာ မလိုဘူး။  အခြေခံတစ်ခုက  ခွင့်ပြုမိန့်တောင်းခံခြင်းဖြစ်တယ်။ စီးပွားရေးလုပ်တဲ့နေရာမှာ  အကြီးအကျယ်  အနှောင့်အယှက်ဖြစ်စေတယ်။ ဒီခွင့်ပြုမိန့်တွေကြောင့်  အရာရာနှောင့်နှေးနေတာ။ စီးပွားရေးမှာ  အခြေခံက သွက်ဖို့၊  မြန်ဖို့၊  အစိုးရဌာနတွေရဲ့တာဝန်က စီးပွားရေးလုပ်မယ့်သူတွေကို    ကူညီဖို့၊    အားပေးဖို့။ နှောင့်ယှက်ဖို့၊  အခက်အခဲမျိုးစုံလုပ်ဖို့ မဟုတ်ဘူး။
အမြင်ကြည်လင်မှုနဲ့ သံသယစီးပွားရေးလုပ်ငန်းရှင်များအပေါ်လည်း အမြင်ကြည်လင်ဖို့လိုတယ်။  တစ်ခါတလေ  အမြင်မှားနေတယ်လို့  မြင်မိတယ်။ မလိုအပ်တဲ့ သံသယတွေ ရှိတယ်။ မသိမသာအရောင်ဆိုးနေတယ်။ “ခရိုနီ” ဆိုတာကို  ထိတ်လန့်နေတယ်။ အမှန်တော့  ဇာစ်မြစ်ကိုသုံးသပ်နိုင်ရင် စိုးရိမ်စရာမရှိဘူး။ စီးပွားရေးဟာ ဆက်သွယ်မှုပဲ။ ဆက်စပ်မှုအပေါ်    လှုပ်ရှားနေတာ။  ခေတ်စနစ်ပြောင်းသလိုဆက်ဆံရေးပုံစံတွေလည်း ပြောင်းလဲမှာသာဖြစ်တယ်။ အရေးကြီးတာက ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များရဲ့အားကိုယူနိုင်ရမယ်။ သူတို့တစ်တွေက လုပ်တတ်လို့  ဒီအခြေ အနေရောက်နေကြတာ။  သူ့အတွက်   အကျိုးရှိသလို  ကိုယ့်အတွက်မနစ်နာအောင် ကြိုးစားရမှာသာဖြစ်တယ်။ လုပ်ငန်းရှင်တွေကြောင့် အလုပ်အကိုင်တွေဖြစ်တာ။ ကိုယ်လိုချင်တဲ့ပုံစံရအောင် ဖြစ်ဖို့က ကိုယ့်တာဝန်။

လူမှုရေးကဏ္ဍတွေမှာလည်း  ဇာစ်မြစ်အခြေခံတွေကိုသုံးသပ်နိုင်စွမ်းရှိရမယ်။ အပေါ်ယံအဖြေတွေနဲ့  ကျေနပ်နေလို့မဖြစ်ဘူး။  နိုင်ငံခြားကို  ဘာကြောင့်  ဆေးကုသွားနေကြသလဲ။ သွားတဲ့သူတွေမှာ အပြစ်မရှိဘူး။  ကျန်းမာရေးနဲ့  ပတ်သက်လာရင်  ကျန်တာတွေက   ဘာမှအရေးမကြီးလှဘူး။  လူတိုင်း ရောဂါပျောက်ချင်ကြတာ။  ဒါကြောင့်  မရှိမဲ့ ရှိမဲ့နဲ့  ကုသမှုခံယူကြတာ။    အဖြေရနိုင်မယ့်နေရာကို    သွားကြတာပဲ။ ဒီနေရာမှာ တွန်းအားနဲ့ ဆွဲအား အင်အားနှစ်ခုရှိတာကို သိရမယ်။ နိုင်ငံခြားမှာ ဆေးကုခံယူဖို့သွားရင် ဝန်ဆောင်မှုက အပြည့်အဝရတာ။  ကိုယ်ဘယ်သူလဲသိစရာမလိုဘူး။ လူတိုင်းကို ပုံစံတစ်မျိုးနဲ့ ဆက်ဆံတယ်၊ ကုသပေးတယ်၊ အခင်းအကျင်းက သန့်ရှင်းတယ်၊  သပ်ရပ်တယ်။  လိုတာက  ငွေတစ်ခုတည်း။ ကုသစရိတ်လည်း မြန်မာပြည်နဲ့  သိပ်မကွာလှဘူး။ ခရီးစရိတ်ကလည်း သက်သာတယ်။

တွန်းအားအနေနဲ့က မြန်မာပြည်မှာ လူနာကိုချိန်းတဲ့အချိန်က စာရွက်ထဲမှာပဲရှိတာ။  တစ်လောက အမျိုးတစ်ယောက် နံနက် ၁၀ နာရီ ချိန်းလို့သွားတာ ညနေ ၅ နာရီမှဆရာဝန်နဲ့  တွေ့ရတယ်။တွေ့ပြန်ရင် ဆက်ဆံရေးကလည်း  ခပ်ကျဲကျဲ။   ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ  ခံစားရတာ။ လူနာလုပ်သူကို ဆူဟောက်တယ်။  စမ်းသပ်မှုတွေကလည်း သိပ်စိတ်မချရဘူး။ ဒါတွေကြောင့်  အပြင်မှာ သွားကုကြတာ။ ထိုင်းနိုင်ငံမှာတော့ Medical  Tourism  လို့ခေါ်တဲ့ဆေးကုသမှု  ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို  စနစ်တကျ ဖော်ထုတ်ခဲ့တာကို   တွေ့ရတယ်။ကျွန်တော်သွားနေကျ ဗန်ကောက်မြို့က  ဆေးရုံမှာဆိုရင် နေရာတိုင်း မြန်မာစာတွေနဲ့ရေးသားထားတာ တွေ့ရတယ်။ ဘာကြောင့် ဒီလိုဖြစ်နေတာလဲ။ အကြောင်းရင်းကို ထုတ်ဖော်နိုင်မှ အဖြေရနိုင်မှာ။

ဇာစ်မြစ်ဆန်းစစ်မှု စိတ်ရှည်ရှည်နှင့် ရှာဖွေပါပညာရေးလောကမှာလည်း ဒီအတိုင်းဖြစ်နေတာ။ မူကြိုကအစ တက္ကသိုလ်ကောလိပ်အထိ  ပုံစံအမျိုးမျိုးနဲ့အခက်အခဲတွေ  ကြုံနေရတာ။  တတ်နိုင်တဲ့သူတွေအတွက်ကတော့ အဆင်ပြေနေပေမယ့် ငွေမရှိတဲ့သူတွေအတွက်တော့စိန်ခေါ်မှုအပြည့်။ ပြုပြင်ပြောင်းလဲမှုတွေကလည်း ကျွန်တော်လူမှန်းသိကတည်းက  လုပ်ခဲ့တာ။    အခုထိမပြီးသေးဘူး။ အခြေခံကတော့  ပြုပြင်ပြောင်းလဲမှုတွေဟာ  ခေတ်တစ်ခေတ်ရဲ့ စီမံအုပ်ချုပ်မှုအပေါ်   အခြေခံပြီး  လုပ်ခဲ့တာ။   နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့  မဖြေရှင်းဘဲ ပညာရေးပုံစံနဲ့အဖြေရှာခဲ့တော့  အခုလိုဖြစ်တာ။  တက္ကသိုလ်ကောလိပ်နဲ့ပတ်သက်လာရင်  ဆူပူမှုမဖြစ်အောင်  တက္ကသိုလ်တွေကိုမြို့ပြင်ထုတ်ခဲ့တယ်။ ဒါကြောင့်  နောက်ဆက်တွဲပြဿနာတွေက မျိုးစုံ။ ဒီလိုပဲ  အဆောင်စနစ်ကို ဖျက်ခဲ့တယ်။ ဒါတွေကို နဂိုအနေအထားဖြစ်အောင် လုပ်ရတာက လွယ်လှတာမဟုတ်ဘူး။ ရှိနေတဲ့အဆောက်အအုံတွေကို ဒီအတိုင်းထားလို့လည်း မဖြစ်ပြန်ဘူး။ ဒီနေရာမှာလည်း အခြေခံဇာစ်မြစ်ကို ရှာဖွေဖို့လိုအပ်တယ်။

အခုလို  ဇာစ်မြစ်အကြောင်းရင်းရှာဖွေနိုင်ဖို့  စဉ်းစားတွေးခေါ်မှုရှိဖို့ လိုအပ်တယ်။    အရာရာကို  ပေါ့ပေါ့တန်တန်မကြည့်စေချင်ဘူး။ စိတ်ရှည်ရှည်နဲ့ ရှာဖွေမှ အဖြေရနိုင်မှာ။ လက်ရှိအခြေအနေတွေမှာ  ဇာစ်မြစ်ဆန်းစစ်မှုကို  ပညာရပ်တစ်ရပ်အနေနဲ့ သင်ကြားစေချင်တယ်။ မူလတန်းကအစ တက္ကသိုလ်ကောလိပ်အထိ လူငယ်တွေအတွက် ပိုလိုအပ်တယ်။ ဆန်းစစ်တတ်တဲ့စိတ်၊ စိစစ်တတ်တဲ့စိတ်၊ သုံးသပ်တတ်တဲ့စိတ်ဒါတွေမွေးဖို့ လိုအပ်တယ်။  ကျောင်းတွေမှာ သာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံးမှာလည်း ရှိစေချင်လှတာ။ 

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်