၁၈ ဖေဖော်ဝါရီ


တစ်ချိန်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ညဈေးတန်းနဲ့ လမ်းဘေးဈေးဆိုင်တွေမှာ နိုင်ငံတကာကမ္ဘာလှည့်ခရီးသည်တွေ မျက်စိကျတဲ့ ပစ္စည်းတွေကို တွေ့ရတယ်။ နာမည်ကျော်အမှတ်တံဆိပ် နာရီတွေ၊ ဘောပင်တွေ၊ လက်ကိုင်အိတ်တွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ ဖိနပ်တွေမျိုးစုံ။ ဈေးနှုန်းတွေကလည်း ချိုလိုက်တာ။ မက်မောစရာပဲ။ ဒါကြောင့်လည်း အလုအယက် ဝယ်ယူကြတာ။ ဒီအထဲမှာ ကိုယ်လည်းပါတာ။ ဒါပေမယ့် အားလုံးဟာ အတုတွေ။ ဒါပေမယ့် အတုမှန်းမသိနိုင်အောင် အပေါ်ယံအမြင်က ကောင်းနေတာ။ ဝယ်ယူတဲ့သူတွေကသိပြီးသား အတုဆိုတာ။ ဒါပေမယ့် ဒေါ်လာ တစ်သောင်းတန်နာရီကို ၁၀ ဒေါ်လာနဲ့ ဝယ်နိုင်တာကို ကျေနပ်နေတာ။


အဝေးကကြည့်ရင်တော့ ဟုတ်နေတာ။ သေသေချာချာ စစ်မှ အတုဖြစ်မှန်း သိတာ။ အခုတော့ ဒီဈေးကွက်က ပျောက်လုနီးပါး ဖြစ်နေပြီ။ ပစ္စည်းအတုတွေကို စနစ်တကျတားဆီးပြီး ဖျက်ဆီးခဲ့တယ်။ နာရီအတု၊ ဘောပင်အတုတွေကို စုပုံပြီး လမ်းကြိတ်စက်နဲ့ လူသိထင်ရှား ကြိတ်ခဲ့တာ။ အခုလို အတုကိုအစစ်ဖြစ်အောင်လုပ်တဲ့ ယဉ်ကျေးမှုက မြန်မာပြည်မှာ ရောက်နေတာ ဝမ်းနည်းစရာ တွေ့ရတယ်။ ပစ္စည်းတွေမဟုတ်ဘဲ ဘွဲ့အတုတွေ၊ တက္ကသိုလ်အတုတွေ။ အခုတလော သတင်းမီဒီယာ တွေမှာလည်း နည်းပေါင်းစုံနဲ့ ဖော်ပြနေကြ၊ ဆွေးနွေးနေကြတာ။


အခုလို ဘွဲ့တု၊ တက္ကသိုလ်တုပေါ်ပေါက်လာတာ တစ်ချိန်က ရှိခဲ့ပေမယ့် သိပ်မကြားရဘူး။ ဒီလိုဖြစ်လာတာက ဆယ်နှစ်အတွင်းဖြစ်ခဲ့တယ်လို့ မြင်မိတယ်။ ဒါနဲ့ပတ်သက်လို့ စီးပွားရေးအခြေခံက အရေးပါတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအား နှစ်ရပ်ရဲ့ လွန်ဆွဲတုံ့ပြန်မှုဖြစ်တယ်။ ဝယ်သူရှိရင် ရောင်းမယ့်သူက အဆင်သင့် ပေါ်လာတာပါပဲ။ ဘွဲ့ဒီဂရီကိုရတဲ့နည်းနဲ့လိုချင်တဲ့သူတွေ ရှိနေသရွေ့ အလွယ်တကူ ပေးမယ့်သူတွေက ရှိစမြဲပဲ။


ဘွဲ့နဲ့ တက္ကသိုလ်ဟာ ချိတ်ဆက်နေတာ။ အမှန်တော့ဘွဲ့ကိုပေးနိုင်တာ တက္ကသိုလ်သာဖြစ်တယ်။ နိုင်ငံကမပေး နိုင်ဘူး။ ဒါကြောင့် မိမိနာမည်မှာ ဘွဲ့ကိုတပ်ရင် ကွင်းစ ကွင်းပိတ်နဲ့ ဘွဲ့ပေးတဲ့တက္ကသိုလ်ရဲ့နာမည်ကို ဖော်ပြရတယ်။

 

တက္ကသိုလ်ရဲ့ နာမည်ကို သိရတာနဲ့ ဒီဘွဲ့ရဲ့ အဆင့်အတန်းကိုသိနိုင်တာ။ အရည်အသွေးကို သတ်မှတ်နိုင်တာ။ ဒါပေမယ့်သတင်းစာကြော်ငြာတွေမှာ ဖော်ပြထားတဲ့ဘွဲ့မှာ UK တို့။ USA တို့ တပ်ထားတာ တွေ့ရတယ်။ အမှန်တော့ ဒီလိုလုပ်တဲ့သူတွေဟာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာနဲ့ အတူတူပါပဲ။တက္ကသိုလ်အတုကပေးတဲ့ဘွဲ့ဟာ အတုသာဖြစ်မှာ။ တက္ကသိုလ်အစစ်နဲ့ အတုကို ခွဲခြားဖို့ကလည်း အခုခေတ်မှာ လွယ်ကူလှပါတယ်။ အင်တာနက်ခေါက်လိုက်ရုံနဲ့ ချက်ချင်းပေါ်လာတာ။ တက္ကသိုလ်တစ်ခုကို အရည်အသွေးစိစစ်တဲ့ အဖွဲ့အစည်းတွေရှိတယ်။ ဒီအဖွဲ့အစည်းတွေက လက်မှတ်ရရင်အရည်အချင်းကို သိနိုင်တယ်။ Certification အသိအမှတ်ပြုပေးမှုပဲဖြစ်တယ်။ တက္ကသိုလ်အတုတွေရဲ့ ကြော်ငြာကိုအင်တာနက်ထဲက ကြည့်လိုက်ရင် အခြေအနေမှန်ကို တန်းသိနိုင်တာ။ တက္ကသိုလ်တွေရဲ့ တန်းစီဇယားကိုလည်း နှစ်စဉ်ကြေညာတယ်။ ဒီဇယားကိုကြည့်ရုံနဲ့ တက္ကသိုလ်ရဲ့ အဆင့်အတန်းကို ချက်ချင်းသိနိုင်တာ။ အဆင့် ၁ ကနေ အဆင့် ၁၀ ရှိတဲ့ တက္ကသိုလ်စာရင်းကိုကြည့်ရင် အများစုက အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံက တက္ကသိုလ်တွေ၊ ဥရောပက တက္ကသိုလ်အချို့ ပါဝင်တယ်။ တရုတ်နိုင်ငံက တက္ကသိုလ်တွေလည်း စာရင်းဝင်လာကြပြီ။ ဒါကြောင့် ဘွဲ့နဲ့တွဲပြီး ဘွဲ့ပေးတဲ့တက္ကသိုလ်ကို ဖော်ပြဖို့လိုတယ်။ ဒါမှ အရည်အသွေးကိ စိစစ်နိုင်မှာသာဖြစ်တယ်။


ကျွန်တော့်အတွက် စိတ်အဝင်စားဆုံးကိစ္စက ပါရဂူဘွဲ့တုကိစ္စပဲဖြစ်တယ်။ ကျွန်တော်ဟာ တက္ကသိုလ်မှာ ဆရာစဖြစ်ကတည်းက ပါရဂူဒေါက်တာဘွဲ့ကို ရူးခဲ့တာ။ ဒါကလည်း ဆရာကြီးတွေကို အားကျခဲ့တာ။ ဒေါက်တာလှမြင့်၊ ဒေါက်တာအေးလှိုင်၊ ဒေါက်တာမောင်မောင်ခ၊ ဒေါက်တာလှသွင်၊ ဒေါက်တာ ခင်မောင်ကြည်။ သူတို့လို သိပ်ဖြစ်ချင်တာ။ ဒါကြောင့်လည်း နိုင်ငံခြားပညာတော်သင်ဖြစ်ခဲ့ပြီး၊ လေးနှစ်တိတိ သုတေသန လုပ်ခဲ့ပြီး ပါရဂူဘွဲ့ကျမ်းကြီးကို တင်ခဲ့တယ်။ အမှန်တော့ဒေါက်တာဘွဲ့ရဖို့ နှစ်ခုလိုတယ်။ တစ်ခုက သုတေသနလုပ်ရမယ်။ လုပ်တဲ့သုတေသနဟာလည်း ဘယ်သူမှ မလုပ်သေးတဲ့ ခေါင်းစဉ်ကို ရွေးချယ်ပြီး ဆောင်ရွက်ရတာ။ သုတေသနကို သုံးနှစ်လောက် ဆောင်ရွက်ပြီး သုတေသနတွေ့ရှိချက်တွေကို ကျမ်းကြီး တစ်စောင်ပြုစုရတယ်။ ပြုစုတဲ့ကျမ်းကြီးကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေကစိစစ်ပြီး လက်ခံမှ ဒေါက်တာဘွဲ့ရတာ။ အမေရိကန်နိုင်ငံမှာတော့ ဒေါက်တာဘွဲ့မယူခင် မဟာဘွဲ့ကို အရင်ယူရတယ်။ ပါရဂူဘွဲ့ယူဖို့အတွက် ပထမပိုင်း တစ်နှစ်ကျော်မှာ ဘာသာရပ်စာမေးပွဲတွေ ဖြေဆိုရတယ်။ စာမေးပွဲအောင်မှ ကျန်တဲ့တစ်နှစ်၊ နှစ်နှစ်အတွင်း သုတေသနလုပ်ပြီး ကျမ်းကြီးပြုစုပြီးမှ ရတာ။ အင်္ဂလန်နိုင်ငံမှာ မဟာဘွဲ့က လိုအပ်ချက်တစ်ရပ် မဟုတ်ဘူး။ ပါရဂူသုတေသနကို တန်းလုပ်လို့ရတယ်။ ဒါပေမယ့် သုတေသန ကာလက သုံးနှစ်အနည်းဆုံး။ အခုလိုကြိုးစားပမ်းစားရတဲ့ ပါရဂူဘွဲ့ကို earned ထိုက်ထိုက်တန်တန် ရတဲ့ဘွဲ့လို့ သတ်မှတ်တယ်။


သုတေသနမလုပ်၊ ကျမ်းကြီးမပြုစုဘဲ ရနိုင်တဲ့ ပါရဂူဘွဲ့ရှိတယ်။ ဒါကတော့ ဂုဏ်ထူးဆောင်ပါမောက္ခ၊ ပုဂ္ဂိုလ်တစ်ဦးရဲ့လုပ်ဆောင်ချက်အောင်မြင်မှုတွေ အသိအမှတ်ပြုပြီး ပေးအပ်တာ။ အခုလိုပေးတဲ့အတွက် ပေးအပ်တဲ့ တက္ကသိုလ်အတွက်လည်း ဂုဏ်ရှိတာဖြစ်တယ်။ ဒီပါရဂူအမျိုးအစားကို(awared) ဆုပေး ခြင်းခံရတဲ့ ပါရဂူဘွဲ့အဖြစ် သတ်မှတ်တယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှာ အခုလိုဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေ အများကြီး။ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရထား သူဟာ ဒေါက်တာဘွဲ့ တပ်ခြင်း၊ မတပ်ခြင်းဟာတော့ မေးခွန်းထုတ်စရာပဲ။ အမှန်တော့ နိုင်ငံခြားတွေမှာ မတပ်ကြဘူး။ ဒါကြောင့်လည်း ဒေါက်တာဒေါ်အောင်ဆန်းစုကြည်ဆိုတာကို မသုံးတာတွေ့ရ တာ။ တချို့ကတော့ တပ်တယ်။ ကျွန်တော်ကတော့ မှတ်ချက်မပေးချင်ဘူး။ တစ်ခုပဲရှိတယ်။ စောစောက တင်ပြခဲ့သလို ရတဲ့ဒေါက်တာဘွဲ့နဲ့ ပေးတဲ့ဒေါက်တာဘွဲ့ ဒီအမျိုးအစားနှစ်ခုကိုတော့ကွဲပြားစေချင်တယ်။ တူမှမတူတာ။ ကျွန်တော်ကံကောင်းလို့နှစ်မျိုးစလုံး ရထားတာ။


အရင်တုန်းက နာမည်ကြီး မဂ္ဂဇင်းတွေမှာ ကြော်ငြာတွေတွေ့ရတယ်။ တက္ကသိုလ်တက်ပြီး သုတေသနတွေလုပ်ပြီးမှဒေါက်တာ ဘွဲ့ယူစရာမလိုဘူး။ မိမိဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံနဲ့ ဒေါက်တာဘွဲ့ရနိုင်တယ်။ ငွေသွင်းရုံပဲ။ အခုလိုလိမ်ညာပြီး လုပ်တာကို သိရက်နဲ့ ယူကြသူတွေလည်း ရှိတယ်။ ဒါကြောင့်ကျွန်တော်က ဒေါက်တာဘွဲ့တပ်ထားတဲ့သူတွေကို မေးချင်တယ်။ ရထားတဲ့ဘွဲ့လား၊ ပေးလို့ရတဲ့ဘွဲ့လားလို့။ ရထားတဲ့ ဘွဲ့ဆိုရင်လည်း ပြုစုထားတဲ့ ကျမ်းကြီးရှိရမယ်။ ကျမ်းကြီးမရှိဘဲ ဒေါက်တာ လို့ တပ်လို့မရဘူး။ ပေးလို့ရတယ်ဆိုရင်လည်း ဘယ်တက္ကသိုလ်က ပေးတာလဲ။ တက္ကသိုလ်အတုကပေးတဲ့ ဂုဏ်ထူးဆောင်ပါရဂူဟာ တန်ဖိုးမရှိဘူး။ စောစောက ပြောခဲ့သလို အတုနဲ့အစစ်ကို ခွဲခြားရတာ မခက်ခဲပါဘူး။ ပညာတတ်အသိုင်းအဝိုင်းက သိပါတယ်။ အင်တာနက်အားကိုးနဲ့ လူတိုင်းစစ်နိုင်တာ။


ကျွန်တော်တို့နိုင်ငံမှာ တစ်ချိန်က ဒေါက်တာတစ်မျိုး ပေါ်လာသေးတယ်။ ပါရဂူဘွဲ့တွေကို ကြီးကြပ်တဲ့သူတွေကို အလိုလိုပေးတဲ့ ဒေါက်တာဘွဲ့။ ဘွဲ့ယူမယ့်သူ သုံးဦးကို ကြီးကြပ်ခဲ့ရင်ကြီးကြပ်သူကို ပေးတာ။ နိုင်ငံတကာမှာမရှိတဲ့ ထုံးစံ။ ကိုယ့်နိုင်ငံမှာ တီထွင်လိုက်တာ။ လုပ်တဲ့သူတွေကလည်း ပုံစံတစ်မျိုးနဲ့ရချင်လို့ ထင်ပါရဲ့။ ဘွဲ့အတု၊ တက္ကသိုလ်အတုဟာ အဂတိလိုက်စားမှုတစ်ရပ်ဖြစ်တယ်လို့ ယူဆမိတယ်။ ငွေရေးကြေးရေးပါမှအဂတိမဟုတ်ဘူး။ လိမ်တာလည်း အဂတိပဲ။ အဂတိဆိုတာ ဂတိရဲ့ ဆန့်ကျင်ဘက်ပဲ။ ဘယ်လိုမှ သည်းခံစရာမဟုတ်ဘူး။ အခုဆိုရင်  Zero Tolerance Policy လုံးဝလက်မခံဘူးဆိုတဲ့ပေါ်လစီဆိုရင် ငါးကြီး ငါးပုပ် ကိစ္စမဟုတ်ဘူး။ ရှိသမျှ ငါးအားလုံးကို ကြော်ပစ်ရမှာ။ အခုတော့ တက္ကသိုလ်အတုတွေက ဘွဲ့အတုရထားတဲ့သူတွေကို လက်ပိုက်ကြည့်နေကြတာက ခက်တယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ အတွေးနဲ့ကြည့်ရင် အတုတွေပေါတော့ အစစ်တွေကောင်းတာ။ အားလုံးဟာ သိက္ခာနဲ့သက်ဆိုင်တယ်။ ကျွန်တော်က လူငယ်တွေအတွက် စိတ်ပူလို့ပြောနေတာ။ အခုလို တက္ကသိုလ်အတုတွေ၊ ဘွဲ့အတုတွေကိုအားကျပြီး လုပ်ကြရင် စိုးရိမ်စရာပဲ။ သူတို့တောင်လုပ်ရင်ကိုယ်လည်းလုပ်မှာပဲဆိုပြီး ဆုံးဖြတ်ကြရင် မခက်ဘူးလား။ ဒါကြောင့် ကျွန်တော်က အခွင့် အရေးရတိုင်း အကြံပေးပါတယ်။ ကိုယ်ရထားတဲ့ဘွဲ့ဟာ အစစ်ဖြစ်ဖို့လိုတယ်။ ဖြတ်လမ်းနည်းနဲ့ငွေပေးပြီး ဘွဲ့ကိုဝယ်ယူတဲ့ ယဉ်ကျေးမှုကို ဖျောက်ဖျက်အောင်လုပ်ရမယ်။


တက္ကသိုလ်အတုတွေပေါလွန်းလို့ အိန္ဒိယနိုင်ငံမှာ နှစ်စဉ်တက္ကသိုလ်စာရင်းက ဖျက်တာတွေ လုပ်တယ်။ တစ်နည်းပြောရရင် သန့်ရှင်းရေးလုပ်တာ။ တလောက ပါကစ္စတန်နိုင်ငံမှာ ဘွဲ့အတုတွေကို ပုံနှိပ်စက်နဲ့ ရိုက်နှိပ်ပြီး ရောင်းစားနေတာကိုနိုင်ငံတကာကရဲတွေ ဝင်ရောက်သိမ်းပြီး ပုံနှိပ်စက်တွေကိုဖျက်ဆီးခဲ့တယ်။


ဂျာမနီနိုင်ငံနဲ့ တူရကီနိုင်ငံက ဝန်ကြီးတွေ ဘွဲ့အတု၊ ဒေါက်တာအတုတွေ တပ်တဲ့အတွက် ရာထူးကအနားပေးခဲ့တာရှိတယ်။ ကျွန်တော်တို့ဆီမှာတော့ သည်းခံတဲ့စိတ်ထားတွေမြင့်မားလို့ ထင်ပါရဲ့။ အရေးလည်းမယူ။ ကာယကံရှင်ကလည်း ခပ်တည်တည်နဲ့ ဘာမှမဖြစ်သလို လှုပ်ရှားနေကြတာ။ နည်းတဲ့သတ္တိတော့ မဟုတ်ဘူး။ ဘယ်တက္ကသိုလ်က ရထားတဲ့ဘွဲ့လဲ၊ ရေးသားပြုစုထားတဲ့ ကျမ်းကြီးပြပါလို့ပြောရင် ဘယ်လိုပြောကြမလဲ။ မေးမယ့်သူက မရှိတော့ ဖြေစရာမလိုတော့ဘူး ထင်တယ်။ ကျွန်တော်ကတော့ အရည်အချင်းစိစစ်တဲ့ အဖွဲ့အစည်း တစ်ခုက ကြပ်ကြပ်မတ်မတ် လုပ်စေချင်တယ်။ အခုဆိုရင်မြန်မာပြည်မှာ နိုင်ငံခြားတက္ကသိုလ်တွေက ဘွဲ့တွေပေးနေတဲ့ကျောင်းတွေ တဖြည်းဖြည်းများလာပြီ။ ကြော်ငြာတာတော့ယုံလောက်တယ်။ ဒါပေမယ့် အစစ်နဲ့ အတုတော့ ခွဲခြားဖို့လိုအပ်တယ်။ မဟုတ်ရင် ငွေကုန်တဲ့ မိဘတွေ၊ ကလေးတွေအတွက် နစ်နာလှတယ်။


ဒီဆောင်းပါးရေးရတာ စိတ်မကောင်းဘူး။ ရေးဖို့မလိုရင်သိပ်ကောင်းမှာ။ အခုတော့ ဒီကိစ္စဟာ တဖြည်းဖြည်းကြီးထွားလာတယ်။ ပုဂ္ဂလိကကဏ္ဍကနေ အစိုးရဌာနတွေမှာ ကူးစက်လာတော့ အန္တရာယ်က တဖြည်းဖြည်းကြီးလာတာ။ ဒီထက်ပိုမဆိုးအောင်တော့ အရေးယူကြဖို့ လိုအပ်မယ်ထင်တယ်။ ကျွန်တော်ကတော့ တစ်ဦးချင်း၊ တစ်ယောက်ချင်းကိုပဲ ပြောချင်တာ။ လူငယ်တွေကို “ရွှေသမင်အလိုက်မမှား” ကြနဲ့။ လူတစ်ယောက်ရဲ့တန်ဖိုးဟာ ဘွဲ့ဒီဂရီနဲ့မဆိုင်ဘူး။ သူများအထင်ကြီးအောင် ဒေါက်တာအတု တပ်စရာမလိုဘူး။ စစ်မှန်တဲ့ ဘွဲ့ရဖို့သာ အရေးကြီးတာ။ ဘွဲ့အတုတွေကို မမက်ဖို့ လူကြီးတွေကိုလည်း သတိပေးချင်ပါတယ်။ လုပ်လို့ရလို့ လုပ်တာ မဖြစ်စေချင်ဘူး။ ဗြောင်လိမ်နေကြတဲ့သူတွေကိုတော့ မှန်ထဲမှာကြည့်ပါလို့ပဲပြောချင်တာပါ။


ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်