ကျွန်တော်နဲ့ ပြည်သူ့ဝန်ထမ်း

၈ ဇူလိုင်

ကျွန်တော်ဟာ ဝန်ထမ်းတစ်ယောက်ပါ။ ၁၉၆၆ ခုနှစ်မှာ တက္ကသိုလ်က ကျောင်းဆရာတစ်ဦးအနေနဲ့ တာဝန်ယူခဲ့တယ်။ နောက်ပိုင်းမှာ ဝန်ကြီးဌာနတစ်ခုမှာ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာခဲ့တယ်။ အခွင့်အရေးရလို့ တာဝန်ပေးချက်အရ ကုလသမဂ္ဂအဖွဲ့အစည်းမှာ အနှစ် ၂၀ နီးပါး တာဝန်ယူခဲ့ရတယ်။ အခုတော့ အငြိမ်းစားဘဝနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က ဝင်ရောက်ကူညီနေတယ်။ ကျွန်တော် အလုပ်ဝင်တဲ့အချိန် လှည်းကူးမြို့မှာရှိတဲ့ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့တယ်။ တက္ကသိုလ်မှာ အလုပ်ရတဲ့အတွက် ဖောင်ကြီးတက်ခွင့်မရခဲ့ဘူး။ ပြန်တမ်းဝင်အရာရှိတွေအတွက်သာ ဖွင့်လှစ်ခဲ့တာ။ ကျွန်တော်နဲ့အတူတူ ဘွဲ့ရသူတွေက ကျန်တဲ့ဝန်ကြီးဌာနတွေမှာ တာဝန်ယူခဲ့ကြတယ်။ ဒါကြောင့် သူတို့က ဖောင်ကြီးတက်ကြရတယ်။

ဝန်ထမ်းတစ်ဦး စွမ်းဆောင်ရမယ့် အခြေခံ သုံးရပ်

ကျွန်တော် ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့အခါ ဖောင်ကြီးမှာ ဖွင့်လှစ်ခဲ့တဲ့  ပညာရေးဝန်ကြီးဌာန  အထူးမွမ်းမံသင်တန်းနဲ့ ကျန်းမာရေးဝန်ကြီးဌာန        အထူးမွမ်းမံသင်တန်းတွေမှာ  သွားရောက်သင်ခွင့်ရတယ်။      သင်တန်းတက်ရောက်နေသူတွေက  လုပ်ဖော်ကိုင်ဖက်တွေ၊  ဒါပေမယ့်  နဝတအစိုးရက  သူတို့ကို  မွမ်းမံသင်တန်းတွေပေးခဲ့တာ။  ဝန်ထမ်းပီပီ  တာဝန်ကျေအောင် စီမံခန့်ခွဲမှုပညာတွေ၊ ခေါင်းဆောင်မှုပညာတွေ ကိုပါ။ ဒီမွမ်းမံတက်တဲ့သူတွေအထဲမှာ အခုအချိန်မှာ တာဝန် ကြီးကြီးယူနေကြသူတွေရှိကြတယ်။  ဝန်ကြီးတွေ၊   ဒုတိယ ဝန်ကြီးတွေ၊    ညွှန်ကြားရေးမှူးချုပ်တွေ၊    ပါမောက္ခတွေ။   ကျေနပ်စရာပါ။    အရင်တစ်ပတ်က    ပြည်ထောင်စုဝန်ကြီး  ဦးစိုးဝင်းနဲ့    ဒေါက်တာဝင်းမြတ်အေးတို့ရဲ့    ဖိတ်ကြားချက်ကြောင့်      ဝန်ကြီးဌာနအသီးသီးမှာရှိတဲ့      ဝန်ထမ်းတွေကို    ဟောပြောပွဲလုပ်ခွင့်ရခဲ့တယ်။    တာဝန်ယူမှုနဲ့    တာဝန်ခံမှု အကြောင်း  ပို့ချခဲ့တယ်။  အခုလို  ပို့ချရာမှာ  ဝန်ထမ်းတိုင်း ရှိအပ်တဲ့    လုပ်ရည်ကိုင်ရည်    ၁၀    ခုကို    တင်ပြခဲ့ပါတယ်။ ဝန်ထမ်းတစ်ယောက်အတွက် အသိ၊ အတတ်နဲ့ အပြုအမူဟာ  အခြေခံဖြစ်တယ်။ ဒါတွေကို အခြေခံပြီး စွမ်းဆောင်ရမှာသာ ဖြစ်တယ်။

ပြည်သူ့ဝန်ထမ်းတစ်ဦးမှာ အခြေခံ သုံးရပ်ရှိပါတယ်-

(၁) အဖွဲ့အစည်း/ဌာနရဲ့ ဦးတည်ချက်၊

(၂) မိမိရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိတွေ့ဆက်ဆံမှု၊

(၃) သတ်မှတ်ထားတဲ့    ရလဒ်အဖြေတွေ     ရအောင်        ဖော်ထုတ်မှု
အမှန်တော့ ပြည်သှူဝန်ထမ်းတွေကို (Civil Servants)လို့   ခေါ်ဝေါ်သတ်မှတ်ပါတယ်။  အရေးကြီးဆုံးက  Servants လို့ခေါ်တဲ့  အစေခံခြင်းဖြစ်တယ်။  ပြည်သူ့ဝန်ထမ်းတွေဟာ အစေခံတဲ့သူတွေဖြစ်တယ်။      ပိုပြီးနင့်နင့်သီးသီးပြောရင်  ကျွန်တွေ။ သခင်က   ပြည်သူတွေဖြစ်ရမယ်။ ပုဂ္ဂလိကကဏ္ဍမှာလည်း အခုလိုပါပဲ။ သခင်တွေက ဖောက်သည်တွေဖြစ်ပြီး အစေခံတွေက ပိုင်ရှင်တွေ၊  ဝန်ထမ်းတွေဖြစ်တယ်။ ဒါကြောင့်လည်း  အခုဆိုရင်  (Servant Leadership)  အစေခံနဲ့ တူတဲ့  ခေါင်းဆောင်ဆိုပြီး    သဘောထားအယူအဆအသစ် တွေ ပေါ်ပေါက်လာတာတွေ့ရတယ်။  ကျွန်တော်က  ဒီအယူ အဆကို အလွန်နှစ်သက်တယ်။

ထားရှိအပ်တဲ့ တာဝန် ၁၀ ရပ်

ပြည်သှူဝန်ထမ်းမှာ   စောစောကပြောသလို    ပထမတာဝန်က အဖွဲ့အစည်း၊ ဌာနရဲ့  ဦးတည်ချက်ကို ဖော်ထုတ်ဖို့။ ဒီတာဝန်ကို  အသေးစိတ်    ခွဲခြားတဲ့အခါ  ပထမတာဝန်က  ပုံကြီးမြင်နိုင်တဲ့အသိ။    ပုံကြီးလို့ပြောရာမှာ    လွှမ်းခြုံကြည့်နိုင် မှုဖြစ်တယ်။  အသေးစိတ်တွေ၊  အသေးအမွှားတွေကို  အာရုံမထားဘဲ   ကိုယ့်ကြောင့်    ထူးခြားမှုရှိလာတာကြောင့်    တန်ဖိုးတက်လာအောင် ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဒုတိယတာဝန်ကတော့ ပြောင်းလဲမှုနဲ့ တိုးတက်မှုပဲဖြစ်တယ်။ ဝန်ထမ်းတစ်ဦးဟာ မခိုင်းဘဲလုပ်တတ်တဲ့   သတ္တိရှိရမယ်။  အခုတော့  အမှားကို ကြောက်ရွံ့နေကြတယ်။ မှားမှာကြောက်တဲ့အတွက် ဘာမှမလုပ် ကြတော့ဘူး။  ပြောင်းလဲမှုကိုကြိုဆိုရမယ်။     အပြောင်းအလဲကို ချစ်ရမယ်။ တီထွင်ကြံဆနိုင်စွမ်းလည်း ရှိဖို့လိုတယ်။
ဒီနေရာမှာ    ကျွန်တော်မကြာခဏပြောတဲ့    (၈၀/၂၀)ဥပဒေသကို  ကျင့်သုံးဖို့လိုအပ်တယ်။   မိမိရဲ့အလုပ်တွေအနက်  အမှန်အရေးကြီးတာ ၂၀ ရာခိုင်နှုန်းပဲရှိတယ်။ ဒီအလုပ်တွေကို အာရုံပြုရင်  ကိုယ်လိုချင်တဲ့ရလဒ်  ၈၀  ရာခိုင်နှုန်းကို  ရနိုင်မှာ ဖြစ်တယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကိုလုပ်ရင် လိုချင်တဲ့ရလဒ် ၂၀ ရာခိုင်နှုန်းကိုသာရမှာ။ ဒါကြောင့် ကြိုးစားတာထက် လုပ်သင့် လုပ်ထိုက်တာကို  လုပ်တဲ့သူဖြစ်ရမယ်။  တတိယတာဝန်ကတော့ ထိရောက်တဲ့ အဆုံးအဖြတ်ပေးမှုဖြစ်တယ်။ အဆုံးအဖြတ်ပေးရာမှာ သက်သေအထောက်အထား၊ သတင်းအချက်အလက်တွေ အပေါ် အခြေခံပြီး ဆုံးဖြတ်ဖို့လိုအပ်တယ်။

ပြည်သှူဝန်ထမ်းတစ်ဦးဟာ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိတွေ့ဆက်ဆံဖို့  လိုအပ်တယ်။ အခုလိုတာဝန်ယူရာမှာ စတုတ္ထ တာဝန်က ဦးဆောင်မှုနဲ့ဆက်သွယ်ဆက်ဆံမှုဖြစ်တယ်။ လုပ်ဖော် ကိုင်ဖက်တွေနဲ့  ထိရောက်တဲ့ဆက်သွယ်မှုတွေ  တည်ဆောက် ရမှာဖြစ်တယ်။  မတူညီတာကို  အသိအမှတ်ပြုရမယ်၊  လက်ခံ ရမယ်၊ တန်ဖိုးထားရမယ်။ ပဉ္စမတာဝန်က ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်တယ်။    ဒါကြောင့်  ကျွန်တော်နှစ်သက်တဲ့    အာဖရိကတိုက်ရဲ့အဆိုတစ်ခုရှိတယ်။    “မြန်မြန်ရောက်ချင်ရင်    တစ်ဦး တည်းသွား၊        ဝေးဝေးရောက်ချင်ရင်      အဖော်နဲ့သွား”    တဲ့။

ဒါကြောင့် တစ်ဦးနဲ့ တစ်ဦး   ကူညီအားပေးဖို့လိုတယ်။    အားလုံးပါဝင်တဲ့    ပတ်ဝန်းကျင်တစ်ရပ်ကို    ဖော်ထုတ်ရမယ်။    ဆဋ္ဌမတာဝန်က လူတိုင်းရဲ့  အရည်အသွေးမြှင့်တင်မှုဖြစ်တယ်။  ပြည်သူ့ဝန်ထမ်းတွေဟာ အစဉ်အမြဲသင်ယူခံယူလိုတဲ့  သူတွေဖြစ်ရမယ်။မိမိရဲ့  အသိ၊ အတတ်ကို အစဉ်ခေတ်နဲ့ညီအောင် ကြိုးစားရမယ်။  ဒါကြောင့် အီတလီပညာရှင်တစ်ဦးက အသက် ၈၇ နှစ်အရွယ်မှာ   အခုလို  ပြောကြားခဲ့တယ်။  “ကျွန်ုပ်အခုအချိန်အထိ  သင်ယူ  ခံယူနေရတုန်း” ဖြစ်တယ်တဲ့။

ပြည်သှူဝန်ထမ်းတွေမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေရမယ်၊ ရလဒ်တွေရအောင်   စွမ်းဆောင်ရမယ်။  ဒါကြောင့်  သတ္တမတာဝန်က  လိုချင်တဲ့ရလဒ်တွေကို ရနိုင်အောင်  စွမ်းဆောင်ရမယ်။  ကာလရှည်အမြင်ရှိပြီး  မိမိရဲ့လုပ်ရပ်တွေဟာ  တန်ဖိုးတက်ရမယ်၊  ရှိရမယ်။  အဋ္ဌမတာဝန်က   တန်ရာတန်ကြေး   အလုပ်လုပ်နိုင်ဖို့လိုအပ်တယ်။    နိုင်ငံတွေရဲ့     ငွေကြေးတွေကို ထိန်းသိမ်းကာကွယ်ဖို့   လိုအပ်တယ်။    နဝမတာဝန်ကတော့ အရည်အသွေးမြင့်တဲ့ ဝန်ဆောင်မှုပေးမှုပဲဖြစ်တယ်။ ဝန်ထမ်း တွေဟာ    ထူးချွန်အောင်    အမြဲကြိုးစားနေဖို့လိုအပ်တယ်။ နောက်ဆုံးတာဝန်က အရှိန်နဲ့စွမ်းဆောင်နိုင်ဖို့လိုအပ်တယ်။ သွက်လက်ဖို့၊ မြန်ဆန်ဖို့      အခုလိုလုပ်ဖို့      ဝန်ထမ်းတွေကို ယုံကြည်ဖို့ လိုအပ်ပါတယ်။

ဒီတာဝန်    ၁၀    ရပ်ကို    ဝန်ထမ်းတိုင်း  ရင်ဝယ်ပိုက်ပြီး စွမ်းဆောင်ရည်မြင့်အောင် ကြိုးစားရမှာဖြစ်တယ်။ ကိုယ်တိုင် ဝန်ထမ်းဖြစ်ခဲ့တာမို့ ဝန်ထမ်းတွေကိုနားလည်တယ်။ သူတို့ရဲ့ ခံစားချက်တွေကိုလည်း      သဘောပေါက်တယ်။    တစ်ဖက်ကလည်း  စိတ်မကောင်းလှဘူး။  ပြည်သူ့ဝန်ထမ်းတွေဟာ ပြည်သူတွေလည်းဖြစ်တယ်။ သူတို့ကိုတာဝန်သိဖို့ ပြောသလို သူတို့ရဲ့ လိုအပ်ချက်တွေ၊ စိုးရိမ်မှုတွေ၊ တမ်းတမှုတွေကိုလည်း သိဖို့လိုအပ်တယ်။    ဆုပေး     ဒဏ်ပေးစနစ်ကို      ကျင့်သုံးဖို့ လိုအပ်မယ်။

ပြည်သူ့ဝန်ထမ်းများကို အားပေးဖို့လို

ပြည်သူ့ဝန်ထမ်းတွေရဲ့အကြောင်း      ပြီးပြည့်စုံအောင် နားလည်ဖို့    ပုဂ္ဂလိကလုပ်ငန်းတွေနဲ့    နှိုင်းယှဉ်သင့်တယ်။ ပုဂ္ဂလိကလုပ်ငန်းတွေမှာ    တာဝန်ယူနေသူတွေနဲ့    ပြည်သူ့ဝန်ထမ်းတွေဟာ  ကွာခြားနေတယ်။  လုပ်ခ၊ လစာ၊   အခွင့် အရေးတွေက မတူကြဘူး။ ရနေတဲ့ လုပ်ခလစာတွေက လုံးဝ မစဉ်းစားနိုင်တဲ့ အခြေအနေမျိုး။ မပေးရင် ပေးနိုင်တဲ့လုပ်ငန်းကို    ပြောင်းရွှေ့သွားမှာ။    ဒါကြောင့်  အပြိုင်အဆိုင်  အခွင့်အရေးမက်လုံးတွေ ပေးနေကြရတယ်။

ပြည်သူ့ဝန်ထမ်းမှာ “ဂုဏ်” ပဲရှိတယ်။ မိမိရဲ့စေတနာကို အားကိုးပြီး အသက်ရှင်နေရတာဖြစ်တယ်။ ကျွန်တော့်အနေနဲ့ အစိုးရဌာနတွေမှာ ဝန်ထမ်းရေးရာနဲ့ပတ်သက်ပြီး (Human Resources) လူသားအရင်းအနှီးဌာနတွေ  ရှိသင့်တယ်။ အခုတော့ ဝန်ထမ်းရေးရာနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးဌာနက တာဝန်ယူထားကြတယ်။ အမှန်တော့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ ရှိသလို HR ဌာနတွေ ဖွင့်လှစ်ပြီး ဝန်ထမ်းတွေကို ရွေးချယ်ခန့်ထားမှု၊ လေ့ကျင့်ပြုစုမှု၊  အသိအမှတ်ပြုမှု၊ ရာထူးတိုးမှု၊ စွမ်းဆောင်ရည်ရှိမှု    ဒါတွေဟာ    သီးခြားဆောင်ရွက်ရတဲ့  ကိစ္စတွေဖြစ်တယ်။    ဝန်ထမ်းရေးရာဌာနကို    အုပ်ချုပ်ရေးဌာနနဲ့ တွဲဖက်မထားသင့်ပါဘူး။

ဝန်ထမ်းရေးရာနဲ့ ပတ်သက်လာရင် ကျွန်တော့်ရဲ့ ဝါသနာကြောင့်   သင်တန်းပေးမှုတွေ၊    အရည်အသွေးမြှင့်တင်မှု အလုပ်တွေကို အခုထက်ပိုလုပ်စေချင်တယ်။ ဒီလုပ်ငန်းတွေကို ကုန်ကျစရိတ်လို့မမြင်ဘဲ    ရင်းနှီးမြှုပ်နှံမှုအနေနဲ့   မြင်စေချင်တယ်။

ကျွန်တော်ကတော့ ပြည်သူ့ဝန်ထမ်းတွေကို အားပေးချင်တယ်။ လုပ်စရာရှိတာကို တတ်နိုင်သမျှအားထည့်ကြပါ။ မိမိရဲ့တာဝန်ဟာ    တန်ဖိုးကြီးလှတယ်။  မိမိရဲ့အလုပ်ဟာ ဂုဏ်ရှိတယ်ဆိုတာ အစဉ်သတိပြုစေချင်ပါတယ်။

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်