၁ ဇူလိုင်
မူဆယ်စီးပွားရေးဇုန် စတင်တည်ဆောက်စဉ်က ဖြစ်တယ်။ မင်္ဂလာမူဆယ်စီမံချက်ကို အကောင်အထည်ဖော်စ ကျွန်တော်က စီးပွားရေးဟောပြောပွဲတစ်ခုလည်း လုပ်ပေးခဲ့တယ်။ တစ်ဖက်နိုင်ငံမှာ လုပ်ငန်းတွေ လုပ်နေသူတွေကလည်း တက်ရောက်ကြတယ်။ မူဆယ်ကို လားရှိုးကတစ်ဆင့် သွား ရောက်ခဲ့တာ။ ခရီးလမ်းက အတော်ရှုပ်တာ။ တော်ရုံနဲ့ မရောက် နိုင်ဘူး။ ကွတ်ခိုင်မြို့က ထွက်လာပြီး တဖြည်းဖြည်းမှောင်လာ ခဲ့တယ်။ မရောက်နိုင်တာမို့ အတော်စိတ်မရှည်ဖြစ်ရတယ်။ ယာဉ်မောင်းသူကလည်း ဆရာကြီး မကြာတော့ပါဘူး ရောက်တော့မယ်လို့ မကြာခဏ ကျွန်တော့်ကိုနှစ်သိမ့်တယ်။ ရုတ် တရက်တောင်ကြောတစ်ကွေ့ကို ဖြတ်လာတော့ အဝေးမှာ မီးရောင်တွေမြင်တော့ မူဆယ်လားလို့ မေးမိတယ်။ မဟုတ်ဘူး ဆရာကြီး၊ ဒါက တရုတ်ပြည်၊ မူဆယ်က အမှောင်ထဲမှာလို့ ကျွန်တော့်ကို ပြန်ပြောခဲ့တယ်။
ယူနန်ပြည်နယ်သို့ ဒုတိယအကြိမ်
ဒီတစ်ခေါက်တော့ ယူနန်ပြည်နယ်မြို့တော် ကူမင်းကို သွားခဲ့တာ။ အမှန်တော့ ဒီခရီးကို စီစဉ်ခဲ့တာ နှစ်နှစ်နီးပါး။ အကြောင်းမညီညွတ်လို့ နေ့ညရွှေ့ခဲ့တယ်။ ယူနန်တက္ကသိုလ်မှာရှိတဲ့ မြန်မာလေ့လာရေးဗိမာန်ဌာနမှာ ဟောပြောပွဲလုပ်ဖို့။ တစ်ဖက်ကလည်း ယူနန်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေအတွက် ဆောင်ရွက်နေတဲ့ ဖွံ့ ဖြိုးမှုလုပ်ငန်းတွေကို လေ့လာဖို့။ ကျွန်တော်နဲ့အတူ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးနဲ့ အကြံပေးအဖွဲ့က ဦးမိုးဇော်ဦး၊ ကျွန်တော်တို့ သုံးဦး ရန်ကုန်ကတစ်ဆင့် ကူမင်းမြို့ကို လေယာဉ်နဲ့လာခဲ့တာ။ ခရီးက နှစ်နာရီလောက်ပဲကြာတယ်။ ကူမင်းလေယာဉ်ကွင်းမှာ ယူနန်တက္ကသိုလ်က တာဝန်ရှိသူတွေကလာကြိုတယ်။ တစ်ဦးက ယူနန်တက္ကသိုလ်က မအိအိခိုင်။ ဒါက မြန်မာနာမည်ယူထားတဲ့ တရုတ်အမျိုးသမီး။ သူက တည်းခိုမယ့်ဟိုတယ်ကို ပို့ဆောင်ခဲ့တယ်။ ဟိုတယ်နားမှာပဲ နေ့လယ်စာ စားကြတယ်။ နေ့လယ်စာ စားချိန်မှာ ဌာနကဆရာနှစ်ဦးလည်း ပါဝင်ခဲ့တယ်။ အစားအသောက်တွေက မျိုးစုံ။ ရှမ်းအစားအစာနဲ့ ဆင်တယ်။ မာလာဟင်းတွေလည်း ပါဝင်တယ်။
ညနေဘက်မှာ တိုင်းရင်းသားယဉ်ကျေးမှုကပွဲကို ခေါ်ဆောင်ခဲ့တယ်။ ပွဲကခမ်းနားလိုက်တာ။ မြန်မာနယ်စပ်မှာရှိနေတဲ့ တရုတ်နိုင်ငံက တိုင်းရင်းသားတွေရဲ့ အဆိုအကတွေ၊ တချို့ကတော့ တိဗက်လူမျိုးတွေရဲ့အကတွေ။ ရုတ်တရက် ဘာကြောင့် တိဗက်ယဉ်ကျေးမှုကို တင်ပြနေသလဲဆိုတာ စဉ်းစားမရဘူး။ နောက်မှ ယူနန်ပြည်နယ်ဟာ တိဗက်ဒေသနဲ့ ကပ်နေတဲ့ ဒေသဖြစ်တာကို အမှတ်ရမိတယ်။ နောက်တစ်နေ့မနက် နံနက်စာစားပြီး မအိအိခိုင်နဲ့အတူ ယူနန်တက္ကသိုလ်ကို ထွက်ခဲ့ကြတယ်။ ဟိုတယ်နဲ့ သိပ်မဝေးလှဘူး။ ယူနန်တက္ကသိုလ်ဝင်းထဲ ဝင်တဲ့အခါ ပတ်ဝန်းကျင်က အလွန်လှပပြီး စိမ်းလန်း နေတာကို တွေ့ရတယ်။ ကျောင်းသားတွေနဲ့ စည်ကားနေတယ်။ ကျွန်တော်ဟောပြောမယ့် အဆောက်အအုံကို မရောက်မီ တက္ကသိုလ်ကို လိုက်ပြတယ်။ အဆောက်အအုံတွေက သပ်သပ်ရပ်ရပ်၊ ထူးခြားတဲ့ အဆောက်အအုံတစ်ခုကတော့ ရှေးတရုတ် မင်းတွေလက်ထက် မင်းမှုထမ်းတွေ စာမေးပွဲဖြေတဲ့နေရာ။ အမှန်တော့ အုပ်ချုပ်ရေးယန္တရားကို တာဝန်ယူတဲ့ပြည်သူ့ ဝန်ထမ်းတွေအတွက် စနစ်တကျ စာမေးပွဲတွေစစ်ပြီး စနစ်တကျ ရွေးချယ်တာဝန်ပေးခဲ့တဲ့စနစ်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ဝ၀ ကျော်ကတည်းက တရုတ်နိုင်ငံမှာ ဆောင်ရွက်ခဲ့တာ။ မင်းမှုထမ်းတွေကို စနစ်တကျရွေးချယ်ပြီး အရည်အသွေးမြှင့်တင်မှုတွေ ဆောင်ရွက်ခဲ့တယ်။ ဒီစနစ်ကို အနောက်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ် ပေါင်း ၁၀ဝ၀ လောက်မှာ လုပ်နိုင်ခဲ့တာ။ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုအဆင့်အတန်းက မြင့်မားလှတာ တွေ့ရတယ်။
ယူနန်တက္ကသိုလ်မှာ ဟောပြောခဲ့ရ
ဟောပြောမယ့် အချိန်နီးကပ်ပြီမို့ ကျွန်တော်တို့အဖွဲ့ ခန်းမဆောင်ထဲကို သွားကြတယ်။ ဟိုရောက်တော့ ပရိသတ်တွေက အပြည့်။ ဒုတိယပါမောက္ခချုပ်နဲ့ မြန်မာလေ့လာရေးဗိမာန်ရဲ့ အကြီးအကဲ။ ပါမောက္ခလီချန်ယန်က ကျွန်တော်တို့ကို နွေးနွေးထွေးထွေး နှုတ်ဆက်ခဲ့တယ်။ မြန်မာနိုင်ငံက ယူနန်မှာ တာဝန်ယူနေတဲ့ ကောင်စစ်ဝန်ဦးထွန်းအောင်ကျော်လည်း တက်ရောက်ခဲ့တယ်။ ကျွန်တော်တို့ လာကြမယ်ဆိုတာသိလို့ ဟောပြောပွဲကို လာခဲ့တယ်လို့ ပြောတယ်။ ကျွန်တော်တို့က တာဝန်ကြီးမှာစိုးတဲ့ အတွက် ကြိုတင်ပြီး အကြောင်းမကြားခဲ့ဘူး။
ပါမောက္ခလီချန်ယန်က ကျွန်တော်တို့အဖွဲ့ကို မိတ်ဆက်ပေးပြီး သူ့ဌာနမှာ တာဝန်ယူနေတဲ့ ဆရာ ဆရာမတွေကိုလည်း တစ်ဦးချင်း မိတ်ဆက်ခဲ့တယ်။ ပရိသတ်တွေအထဲမှာ မြန်မာ နိုင်ငံပညာတော်သင်ကျောင်းသား ကျောင်းသူတွေပါတယ်။ ဘွဲ့လွန်သင်တန်း တက်နေကြသူတွေ၊ သူတို့ကို မြင်ရတော့ ကျွန်တော်ကျေနပ်မိတယ်။ သင်တန်းတွေတက်၊ သုတေသနတွေ လုပ်နေကြတာ။
ကျွန်တော်က ခေါင်းစဉ်သုံးခုကို အခြေခံပြီးဟောပြောဖို့ စီစဉ်ခဲ့တာ။ ကြိုတင်ပြီး ပါမောက္ခလီချန်ယန်ကို အကြောင်းကြားခဲ့တယ်။ ကျွန်တော်က မြန်မာနိုင်ငံမှာ အစိုးရသစ်အနေနဲ့ တာဝန်ယူဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးအစီအစဉ်တွေကို ပြည့်ပြည့်စုံစုံတင်ပြခဲ့တယ်။ ငြိမ်းချမ်းရေးရဖို့ အစိုးရသစ်က ကြိုးစားအားထုတ်ခဲ့တယ်။ (၂၁) ရာစု ပင်လုံညီလာခံကို သုံးကြိမ်တိုင်တိုင် ကျင်းပခဲ့တယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲတွေအကြိမ်ကြိမ် ပြည်တွင်းမှာရော ပြည်ပမှာပါ ကျင်းပခဲ့တယ်။ သဘောတူညီမှုတွေကိုလည်း ရနိုင်ခဲ့တယ်။ ဒါပေမယ့် မျှော်လင့်ချက်အတိုင်း အပြည့်အဝ မအောင်မြင်ခဲ့ဘူး။ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတုန်း။ ယုံကြည်မှုတွေ တည်ဆောက်ဖို့ ပုံစံအမျိုးမျိုး ကြိုးစားနေတာ။
ငြိမ်းချမ်းရေးနဲ့ ဖွံ့ ဖြိုးမှုဟာ ဆက်စပ်နေတာ။ ကျွန်တော်တို့နိုင်ငံမှာ လွတ်လပ်ရေးရတဲ့အချိန်ကစပြီး ပဋိပက္ခတွေ မျိုးစုံဖြစ်ခဲ့တာမို့ ဖွံ့ ဖြိုးမှုနှောင့်နှေးခဲ့ရတယ်။ တစ်ဖက်ကလည်း ဖွံ့ဖြိုးမှု နောက်ကျခဲ့တာမို့ ပဋိပက္ခကို အားပေးသလိုဖြစ်ခဲ့တယ်။ ငြိမ်းချမ်းရေးဖွံ့ဖြိုးမှု သံသရာလည်နေခဲ့တာ။ ငြိမ်းချမ်းရေးရဖို့ ခေတ်အဆက်ဆက်က အစိုးရတွေလည်း ပုံစံအမျိုးမျိုးနဲ့ ကြိုးစားအား ထုတ်ခဲ့ကြတယ်။ ဒါပေမယ့် တည်ငြိမ်တဲ့၊ စဉ်ဆက်မပြတ်တဲ့ ငြိမ်းချမ်းရေး မရခဲ့ဘူး။
ကျွန်တော့်အနေနဲ့ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်အရ ငြိမ်းချမ်းရေးအတွက် စီးပွားရေးလို့ခေါ်တဲ့ Business for peace (B4P)စီမံချက်ကို လုပ်ခွင့်ရခဲ့တယ်။ NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပခဲ့တယ်။ တစ်ဖက်ကလည်း တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပေးခဲ့တယ်။ စီးပွားရေးလုပ်ဖို့ အခွင့်အလမ်းတွေ ဖော်ထုတ်ခဲ့တယ်။ B4P နဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ တင်ပြခဲ့တယ်။
ကျောင်းသားများနှင့်အပြန်အလှန်ဆွေးနွေးခဲ့ကြ
ကျွန်တော်ဟောပြီးချိန် အတူပါလာတဲ့ဦးအောင်စိုးနဲ့ဦးမိုး ဇော်ဦးတို့ကလည်း ဖြည့်စွက်ပြီး တင်ပြခဲ့ကြတယ်။ သူတို့ရဲ့ ရှုထောင့်အမြင်ဟာလည်း အလွန်တန်ဖိုးရှိလှပါတယ်။ အခုလို ကျွန်တော်တို့ တင်ပြပြီးချိန်မှာ သဘာပတိပါမောက္ခလီချန်ယန်က ပရိသတ်တွေကို မေးခွန်းတွေမေးဖို့ ဖိတ်ခေါ်ခဲ့တယ်။ တိုက်တွန်းခဲ့ တယ်။ ဆရာတွေ၊ ကျောင်းသားတွေက မေးခွန်းတွေမျိုးစုံမေးကြတယ်။ အခုလို စိတ်ဝင်တစား မေးခွန်းမေးကြတာကို။ ကျွန်တော်တို့က ကြိုဆိုမိတယ်။ ကျေနပ်မိတယ်။ အမှန်တော့ အပြန်အလှန်မေးခွန်းထုတ်ခြင်းဟာ ရှင်သန်တဲ့ပညာရေးအသိုင်း အဝိုင်းရဲ့ အနှစ်သာရတစ်ခုသာဖြစ်တယ်။ မေးခွန်းတွေမေးရင်း၊ ဆွေးနွေးရင်း အသိတရားတွေ တိုးလာနိုင်မှာ၊ ကျွန်တော်က ကြိုးစားပြီး ဖြေခဲ့တယ်။ အခမ်းအနားကို ပါမောက္ခလီချန်ယန်က မိန့်ခွန်းပြောရင်း နိဂုံးချုပ်ခဲ့တယ်။ နိဂုံးချုပ်စဉ်မှာ ယူနန်တက္ကသိုလ် မြန်မာလေ့လာရေးဗိမာန်မှာ အကြံပေးဘုတ်အဖွဲ့ဝင်တစ်ဦးအနေနဲ့ တာဝန်ယူပေးဖို့ ဖိတ်ကြားခဲ့တယ်။ အခုလို မမျှော်လင့်ဘဲ ကမ်းလှမ်းတာကို အံ့ဩမိသလို ဝမ်းသာကြည်နူးမိပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်ကျော်က ကနေဒါနိုင်ငံ University of British Columbia မှာ ဟောပြောပွဲတစ်ရက် ကျင်းပပြီးချိန်မှာ ဂုဏ်ထူးဆောင်ပါမောက္ခတာဝန်ကို ပေးအပ်ခြင်းခံခဲ့ ရပါတယ်။
ဟောပြောပွဲပြီးချိန်မှာ မြန်မာနိုင်ငံက ကျောင်းသား ကျောင်းသူတွေကို နှုတ်ဆက်ကြတယ်။ ယူနန်တက္ကသိုလ်က တာဝန်ရှိသူတွေနဲ့လည်း ဓာတ်ပုံရိုက်ခဲ့ကြတယ်။ ခန်းမရဲ့အဝင် မှာ ၁၉၂၃ ခုနှစ်က ယူနန်တက္ကသိုလ်ဖွင့်လှစ်ခဲ့စဉ် တာဝန်ရှိသူ တွေရဲ့ ဆီဆေးပန်းချီကားကြီးအရှေ့မှာလည်း ဓာတ်ပုံရိုက် ပြန်တယ်။ ယူနန်တက္ကသိုလ်မှာ ၁၉၅၂ ခုနှစ်က ဝန်ကြီးချုပ် ဦးနုက လာရောက်ပြီး အများပြည်သူအတွက် မိန့်ခွန်းပြောခဲ့ကြောင်း အသိပေးခဲ့တယ်။ ဒါကြောင့်လည်း နှစ်ပေါင်း ၅၀ ကျော်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကို ဖိတ်ကြားလိုကြောင်း ပြောခဲ့ပါတယ်။ ကျွန်တော်က သိပ်ဖြစ်စေချင်တာ။
မြန်မာနိုင်ငံနှင့်စီးပွားဆက်ဆံရေး ပိုမိုဆောင်ရွက်ဖို့ တိုက်တွန်း
နေ့လယ်စာကို တက္ကသိုလ်ရဲ့ စားသောက်ဆိုင်မှာ စားသောက်ကြတယ်။ ဟိုတယ်တစ်ခုလိုပါပဲ။ ဟင်းမျိုးစုံ။ စားသောက်ရင်း ပညာရေးနဲ့ပတ်သက်ပြီး မြန်မာပြည်က တက္ကသိုလ်တွေနဲ့ ဆက်သွယ်ဖို့ဆွေးနွေးခဲ့ကြတယ်။ နေ့လယ်စာစားပြီး ဟိုတယ်မှာ ခဏနားခဲ့တယ်။ ညနေပိုင်းမှာတော့ ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီဌာနချုပ်က နိုင်ငံခြားရေး တာဝန်ခံရုံးက ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ ဆွေးနွေးခဲ့ကြတယ်။ အမျိုးသမီးက အသက်ငယ်ငယ်ထက်မြက်တယ်။ တရုတ်နိုင်ငံတိုးတက်ခဲ့ပုံနဲ့ ယူနန်ပြည်နယ်တိုးတက်မှုကို ပြည့်ပြည့်စုံစုံ တင်ပြခဲ့တယ်။ မြန်မာနိုင်ငံနဲ့ စီးပွားရေးဆက် သွယ်ဆက်ဆံမှုတွေ အခုထက်ပိုမိုဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါ တယ်။
အမှန်တော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုဟာ ကမ္ဘာ့အံ့ဖွယ်တစ်ပါးဖြစ်ခဲ့တယ်။ နှစ်ပေါင်း ၄၀ တိတိ နှစ်စဉ်ဂျီဒီ ပီတိုးတက်မှုနှုန်း ၁၀ ဂဏန်းကျော်ခဲ့ပြီး ဆင်းရဲနွမ်းပါးသူ သန်းပေါင်းရာကျော်ကို ဆင်းရဲတွင်းမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ အခုဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ စီးပွားရေးယှဉ်ပြိုင်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေတာ တွေ့ရတယ်။
ကျွန်တော် အရင်တုန်းက တရုတ်နိုင်ငံကို မကြာခဏ ရောက်ခဲ့တယ်။ ဒီတစ်ခေါက်မှာ တိုးတက်မှုတွေဟာ အံ့ဩစရာ ကောင်းလှတာ။ ကူမင်းလေယာဉ်ကွင်းဟာ အလွန်ခမ်းနားလှတာ။ လမ်း၊ တံတားတွေကလည်း ဥရောပနိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စုအတိုင်းပဲ။ ဒါကြောင့်လည်း သူတို့ရဲ့အောင်မြင်မှုကို ဝင့်ကြွားစွာ အခုလို ဖော်ထုတ်နိုင်ခဲ့တာဖြစ်တယ်။ ဒုညွှန်ချုပ်နဲ့ အစည်းအဝေးအပြီး ညစာစားပွဲကို တည်ခင်းခဲ့တယ်။ အစားအသောက်တွေကလည်းမျိုးစုံ။ တရုတ်စာဆို ပေမယ့် ပုံစံကတစ်မျိုး။ နံနက်စောစော ကူမင်းကနေ မြန်မာ နိုင်ငံနယ်စပ်မှာရှိတဲ့ ရွှေလီမြို့ကို လေယာဉ်နဲ့ ခရီးထွက်ဖို့ စီစဉ်ခဲ့တယ်။ ဟိုတယ်ကနေ လေယာဉ်ကွင်း၊ လေယာဉ်ကွင်းကနေ လေယာဉ်နဲ့ ရွှေလီမြို့ကို ထွက်လာခဲ့ကြတယ်။ ကူမင်း တက္ကသိုလ်က ဆရာဇော်ရယ်၊ မအိအိခိုင်တို့လည်းပါတယ်။ လေယာဉ်ခရီးက တစ်နာရီကျော်ကြာတာမို့ ရွှေလီမြို့ပေါ်ရောက်ပြီး ဆင်းဖို့ ကြိုးစားပေမယ့် ရာသီဥတုအခြေအနေဟာ ဆိုးလွန်းတာမို့ မဆင်းနိုင်ခဲ့ဘူး။ မဆင်းဘဲပျံဝဲနေခဲ့တယ်။ နောက်ရာသီဥတု အခြေအနေမကောင်းတော့တာမို့ ကူမင်းမြို့ ကို ပြန်ခဲ့ကြရတယ်။ ခရီးအစီအစဉ်တွေကလည်း ပျက်ခဲ့တယ်။ နောက်တစ်ရက်သွားဖို့လည်း မဖြစ်နိုင်တာမို့ ရန်ကုန်ကို မီရာ လေယာဉ်နဲ့ အတော်ကြိုးစားပြီး ပြန်ခဲ့ကြတယ်။ ပါလာတဲ့အထုပ်တွေကို ထားခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် ခရီးက ရည်ရွယ်ထားသလို အပြည့်အစုံမဖြစ်ပေမယ့် အောင်မြင်တဲ့ခရီးတစ်ခု ဖြစ်ခဲ့ပါ တယ်။ ။
ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်