၂၆  မေ

 


ကျွန်တော်သည် ဘူးသီးတောင်မြို့နယ် မြောက်ဘက် ပိုင်းရှိ ပီရွက်ဆိုသော ရွာငယ်လေးတွင် တာဝန်ကျနေ သောကျောင်းဆရာတစ်ယောက် ဖြစ်သည်။ ထိုရွာ၏ ရွာစွန်လေးတွင် ကျောင်းဆရာတို့အတွက် ဆောက်ပေး ထားသော အိမ်ကြီးတစ်ဆောင်ရှိ၏။ ကျွန်တော်သည် ထိုအဆောင်၌ တခြားရွာမှ ဆရာတစ်ယောက်နှင့်အတူ နေထိုင်သည်။ တစ်နေ့သောနံနက်စောစော၌ ကျွန်တော် ထမင်းချက်ရန်ပြင်နေခိုက် ရွာထဲမှ မောင်ဆိုးအမေ ရောက်လာခဲ့သည်။ ပြီးလျှင် ကျွန်တော်တို့အား ဒီနေ့ သူတို့အိမ်၌ ထမင်းစားရန် လာဖိတ်ကြောင်းဆို၏။ ထိုစကားကိုကြားသောအခါ ကျွန်တော် အလွန်ဝမ်းသာ မိသည်။ ကျောင်းသားမိဘတစ်ယောက်က ပထမဆုံး အကြိမ် လာဖိတ်ခြင်းလည်းဖြစ်၏။

 

ကျွန်တော်တို့ ငယ်စဉ်ကဆိုလျှင် ကျေးရွာများ၌ ကျောင်းဆရာတို့အား တစ်အိမ်တစ်ရက် အလှည့်ကျ ထမင်းကျွေးသောအလေ့အထများရှိ၏။ ထိုသို့ ထမင်း ကျွေးခြင်းဖြင့် ဆရာများနှင့် ရွာသားများမှာ ပိုပြီးရင်းနှီး ကြ၏။ ဆရာ ဆရာမများမှာလည်း ရေခပ်ရခြင်း၊ ထင်း အတွက် ပူပန်ရခြင်း၊ ချက်ပြုတ်စားသောက်ရခြင်းစသော ဒုက္ခများမှ လွတ်ကြသည်။ ထိုအလုပ်များမရှိခြင်းကြောင့် သင်ခန်းစာများအတွက် ကြိုတင်ပြင်ဆင်မှုများ ပိုရကြ သည်။ စာပြခြင်းကိုစိတ်မဝင်စားသော ဆရာ ဆရာမများ မှာလည်း တစ်လုတ်စားဖူးသှူကျေးဇူးဆိုသည့်အတိုင်း ကလေးများအပေါ် စေတနာပိုလာကြသည်။ သို့သော် ယခုခေတ်တွင် ထိုအလေ့အထများပျောက်သွားသည်ကို တွေ့ရသည်။ ထိုသို့ ပျောက်လာခြင်းမှာ ဝန်ထမ်းတွေ လစာတိုးလာခြင်း၊ တောသူတောင်သားတွေ စီးပွားရေး အဆင်မပြေခြင်းစသည်တို့ကြောင့်လည်း ဖြစ်နိုင်သည်။သို့သော် လုံးဝပျောက်သွားခြင်းမျိုးတော့ မဟုတ်ပေ။ တချို့ ရွာများတွင် ရှိနေသေးသည်။ ထိုတချို့ရွာများတွင် ကျွန်တော်တာဝန်ကျနေသောရွာ မပါသောအခါ ထမင်းစားလာဖိတ်ခြင်းကို အထူးအဆန်းအဖြစ် ခံစားခဲ့ရ သည်။

 

အမှန်တကယ်လည်း ထူးဆန်းကြောင်းကို ရွာထဲရောက်မှ သိခဲ့ရသည်။ ထမင်းစားဖိတ်ခြင်းမှာ ရိုးရိုး ထမင်းစားရန် ဖိတ်ခြင်းမျိုးမဟုတ်ဘဲ ရိုးရာကောက်သစ်စားပွဲ ဖြစ်နေလေသည်။ ကောက်သစ်စားပွဲအကြောင်းကို ကြားဖူးသော်လည်း ဂဃနဏမသိရှိခဲ့ပေ။ ယခုကိုယ်တိုင် ကြုံတွေ့သောအခါမှ ဤဓလေ့သည် ရခိုင်လယ်သမားတို့၏ ချစ်စရာကောင်းသောဓလေ့တစ်ခုဖြစ်ကြောင်း သိခဲ့ရလေသည်။

 

ရခိုင်ရိုးရာကောက်သစ်စားပွဲဆိုသည်မှာ ကောက်ပဲသီးနှံများရိတ်သိမ်းပြီးစီး၍ သီးနှံပေါ်ချိန်တွင် ကောက်ဦး ကောက်ဖျားကို ဆွမ်းအဖြစ်ချက်ပြုတ်ပြီး အလှူကြီးပီးခြင်း တစ်မျိုးဖြစ်သည်။

 

တောင်သူဦးကြီးတို့သည် တစ်မိုးလုံး ပင်ပန်းဆင်းရဲစွာဖြင့် ထွန်ယက်စိုက်ပျိုးကြသည်။ သီးနှံပေါ်၍ ရိတ်သိမ်း ပြီးစီးသောအခါ ပျော်ရွှင်ဝမ်းမြောက်ကြ၏။ သီးနှံများ ဖြစ်ထွန်းအောင်မြင်ကြောင်း အထိမ်းအမှတ်အဖြစ် ကောက်ဦးကောက်ဖျားကို မိမိတို့ ဦးစွာမစားဘဲ မြတ်ဗုဒ္ဓအား အာရုံပြု၍ ရဟန်းသံဃာအပေါင်းနှင့် လူကြီးမိဘ ဆရာသမားအပါအဝင် ဆွေမျိုးညာတကာများကို ပင့်ဖိတ်ကာ အလှူပွဲပြုလုပ်ကြသည်။ တချို့ရွာများ၌ နတ်အပေါင်း တို့ကိုပါ ဖိတ်ကျွေးကြကြောင်း သိရသည်။ နေနတ်၊ လနတ် တို့ကို လှူဒါန်းကျွေးမွေးသောအခါ ငှက်ပျောလက်ကို ထည့်စရာပြုလုပ်ပြီး ထမင်းဟင်းများအစုံထည့်ကာ အိမ်ခေါင်မိုးပေါ်တွင်တင်၍ ကျွေးမွေးကြသည်ဆို၏။ ဤကောက်သစ်စားပွဲအား တခြားတိုင်းရင်းသားများတွင်လည်း ပုံစံအမျိုးမျိုးနှင့် ကျင်းပကြသည်ကို တွေ့ရသည်။ ပွဲကျင်းပပုံကွာခြားသော်လည်း ရည်ရွယ်ချက်များမှာ အတူတူပင် ဖြစ်ပေမည်။

 

ကောက်ဦးကောက်ဖျား လှူဒါန်းခြင်းသည် များစွာ သော ကုသိုလ်ကောင်းမှုကို ဖြစ်စေ၏။ တစ်ချိန်က ညီနောင် နှစ်ယောက် ရှိခဲ့သည်။ အစ်ကိုဖြစ်သူမှာ ကောက်ဦး ကောက်ဖျား၊ စားဦးစားဖျားကို အမြဲလှူဒါန်းလေ့ရှိပြီး ညီဖြစ်သူမှာ ဖြစ်သလိုသာ လှူဒါန်းလေ့ရှိလေသည်။ ထိုကောင်းမှုတွေကြောင့် ဂေါတမဗုဒ္ဓ ပွင့်တော်မူသောအခါ အစ်ကိုဖြစ်သူမှာ အရှင်ကောဏ္ဍညအဖြစ်နှင့် ဓမ္မစကြာ တရားဦးကိုနာကြားရပြီး ပထမဆုံးရဟ္တာကြီး ဖြစ်တော် မူခဲ့သည်။ ညီဖြစ်သူမှာ အရှင်သုဘဒ္ဒအဖြစ်ဖြင့် ဘုရားရှင် ပရိနိဗ္ဗာန်စံခါနီးမှ နောက်ဆုံးရဟ္တာ ဖြစ်ခဲ့ရလေသည်။ ဤသည်မှာ ကောက်ဦးကောက်ဖျား၊ စားဦးစားဖျားအား လှူဒါန်းခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်လေသည်။

 

ကောက်ဦးကောက်ဖျားကို ဆွမ်းအဖြစ်ချက်ပြုတ်၍ လှူဒါန်းခြင်းကြောင့် ဆွမ်းလှူရခြင်း၏ အကျိုးကျေးဇူးများ ကိုလည်း ရရှိပေမည်။ ဆွမ်းလှူခြင်း၏ အကျိုးမှာ "သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာ၊ ဘောဇဉ်အကျိုး ဤငါးမျိုး ဆိုရိုးကျမ်းဂန်လာ"ဟု ဆိုကြ သည်။ ဆွမ်းလှူဒါန်းခြင်းသည် အသက်၊ အဆင်း၊ ချမ်းသာ၊ ခွန်အားနှင့် ဉာဏ်ပညာတို့အတွက် လှူဒါန်းခြင်းနှင့် တူပေသည်။ ထို့ကြောင့် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ ကျန်းမာပြီးခွန်အားဗလတိုးခြင်းနှင့် ဉာဏ်ပညာကောင်းခြင်း စသောအကျိုးကျေးဇူးများကို ရရှိကြလေသည်။

 

ကျွန်တော်တို့မှာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ သမားတို့ထက် ကြီးမြတ်သောအရာကားမရှိပေ။ ဗုဒ္ဓ ဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာအတိုင်း ထမင်းစားသော အခါမှာလည်း ဘုရားအား ဆွမ်းတော်ကပ်၊ သံဃာတော်များအတွက် ဆွမ်းခူးပြီး ကြီးသူကိုဦးချပြီးမှသာ စားကြရသည်။ ထို့ကြောင့် ကြီးမြတ်သူတို့အား ဤကောက်ဦး ကောက်ဖျား လှူဒါန်းကျွေးမွေးသော ကောက်သစ်စားပွဲသည် ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတို့၏ လက်ဆင့်ကမ်း ထိန်းသိမ်းသင့်သော ချစ်စရာဓလေ့တစ်ခုပင် ဖြစ်ပေသည်။ ။

 

မောင်မေယု(ဘူးသီးတောင်)