ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အရေးကြီးဆုံးက ငြိမ်းချမ်းရေးဖြစ်ပါတယ် ဒီငြိမ်းချမ်းရေးရမှ ဖွံ့ဖြိုးရေးကို လုပ်လို့ရမှာဖြစ်တယ်လို့ လားဟူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးယောသပ် ပြောကြား

နေပြည်တော် ၁၄ ဖေဖော်ဝါရီ

မေး။ ။ ဒီကနေ့မှာဆိုရင် လားဟူ ဒီမိုကရက်တစ် အစည်းအရုံးကလည်း လက်မှတ်ထိုးမှာပေါ့နော်။ ဆရာ့အနေနဲ့ ဝန်ကြီးတစ်ယောက်အနေနဲ့ ရှေ့ဆက်လက်ပြီးတော့ လက်မှတ်ထိုးပြီဆိုတော့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘယ်လို ဆောင်ရွက်သွားမလဲရှင့်။

ဖြေ။ ။ ဒါကတော့ ကျွန်တော်တို့ အများကြီး ကြိုတွေးရမယ့် ကိစ္စပါ၊ တကယ်လည်း ကောင်းမွန်တဲ့အရာ ဖြစ်တယ်လို့ ကျွန်တော်အနေနဲ့ ခံယူပါတယ်။ ပြီးတော့ ကျွန်တော်တို့ တရားဝင်အဖွဲ့အစည်းလေး ဖြစ်လာပြီဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားများ အတွက် ဖွံ့ဖြိုးရေးအတွက် အစစအရာရာ တန်ဖိုးရှိ လာမှာပါ။ အကျိုးရှိလာမှာပါ။ ဒီအပေါ်မှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုကတော့ အရေးကြီးပါတယ်။

မေး။ ။ ဆရာတို့အနေနဲ့ ဖွဲ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ပါမယ်ဆိုပြီး စီစဉ်ဆောင်ရွက်ထားတာမျိုး ရှိပါသလား။

ဖြေ။ ။ ကျွန်တော်တို့ ဒေသတွေမှာ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး မှာ အင်မတန်မှ အားနည်းပါသေးတယ်။ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုရဲ့ အရွေ့တစ်ခုတည်းမှာ ကျွန်တော်တို့ အခုလို လက်တွဲဆောင်ရွက်ခွင့်ရမယ်ဆိုရင် ဒီထက်မက တိုင်းရင်းသားများအတွက် တန်ဖိုးရှိတဲ့အရာတွေ လုပ်ကိုင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဆက်ပြီးမှလည်း လုပ်ဖို့အတွက် ကျွန်တော်တို့ ခွန်အားတွေ စုစည်းထားပါတယ်။

မေး။ ။ နောက်ထက် လက်မှတ်ထိုးမယ့်အဖွဲ့တွေ အလားအလာအများကြီးရှိမယ်လို့ ဘယ်လိုထင်ပါ သလဲ။

ဖြေ။ ။ ဒါကတော့ ကျွန်တော်တို့အနေနဲ့ သုံးသပ်လို့မရပါဘူး။ ဒါ အဖွဲ့အစည်း တစ်ခုချင်းစီရဲ့ မူဝါဒတွေရှိတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကြားကနေ ဝင်ပြီးမှ သုံးသပ်လို့ အဆင်မပြေပါဘူးလို့ ပြောချင်ပါတယ်။

မေး။ ။ တခြားဘာများ ဖြည့်စွက်ပြီးတော့ ပြောပြချင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အရေးကြီးဆုံးက ငြိမ်းချမ်းရေးဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးရမှ ဖွံ့ဖြိုးရေးကို လုပ်လို့ရမှာဖြစ်တယ်။

 မြန်မာနိုင်ငံအတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားအားလုံး မိမိရဲ့လူမျိုးထဲမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိဖို့ရာ နံပါတ် ၁ အရေးကြီးပါတယ်။ နံပါတ် ၂ အနေနဲ့ တိုင်းရင်းသားပေါင်းစုံကလဲ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး လေးလေးစားစား ဆက်ဆံပြီးမှ လက်တွဲဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

တိုင်းရင်းသားတွေ ဒီလိုစည်းလုံးညီညွတ်ပြီးမှ လက်တွဲဆောင်ရွက်နိုင်မယ်ဆိုရင် မိမိရဲ့ဒေသ၊ မိမိရဲ့ ပြည်နယ် မိမိရဲ့နိုင်ငံတော်ကြီးအတွက် ဒီထက်မက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင် ဆောင်ရွက်နိုင် မယ်လို့ ဒီလိုမြင်တဲ့အတွက် တိုင်းရင်းသား ပြည်သူများအနေနဲ့ စည်းလုံးညီညွတ်မှု ရှိစေချင်ပါတယ်။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး လေးလေးစားစား ဆက်ဆံပြီး လက်တွဲချိတ်ဆက်ခြင်းအားဖြင့် နိုင်ငံတော်ကြီးအကျိုးကို သယ်ပိုးစေချင်ပါတယ်လို့ ဆန္ဒပြုချင်ပါတယ်။

မေး။ ။ ရှမ်းပြည်မှာ လားဟူတိုင်းရင်းသားတွေရဲ့ လတ်တလော အခက်အခဲ ဘယ်လိုရှိနေပါလဲရှင့်။

ဖြေ။ ။ လောလောဆယ်ကတော့ ခုနကပြောတဲ့အတိုင်းပဲ ကျွန်တော်တို့မှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးမှာ အင်မတန်မှ အားနည်းတဲ့အတွက် ဒါတွေကို ပထမဆုံးအဆင့်နဲ့ ဆောင်ရွက်ဖို့ရန် ကျွန်တော်တို့ လိုအပ်လျက်ရှိပါတယ်လို့ ပြောကြားချင်ပါတယ်။]

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုက ရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။

MDN