ကျွန်တော်တို့ ရောက်လာပါပြီ၊ အကောင်းဆုံးဖြစ်အောင် တွေ့ဆုံရအောင် ဟု KIO ဒုတိယဥက္ကဋ္ဌ ပြောကြား

နေပြည်တော် ၁၀ ဇူလိုင် 

 

နေပြည်တော်သို့ ရောက်ရှိနေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ (၁) ဂွမ်မော်က "အစိုးရနဲ့ တပ်မတော်ကို ဘာပြောချင်သလဲဆိုရင် ကျွန်တော်တို့ ရောက်လာပါပြီ။ အကောင်းဆုံး ဖြစ်အောင် တွေ့ဆုံရအောင်လို့ ပြောကြားချင်ပါတယ်" ဟုပြောကြားသည်။ 

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံတတိယ အစည်းဝေးသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံ မြောက်ပိုင်းအဖွဲ့များဖြစ်ကြသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်- ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့သည် တရုတ်နိုင်ငံကူမင်းမြို့မှနေ၍ လေကြောင်းလိုင်းဖြင့် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ 

 

KIO  ဒုတိယဥက္ကဋ္ဌက "မျှော်လင့်ချက်တွေနဲ့ လာတာပါ။ ဆွေးနွေးမှုက အဓိက မဟုတ်ဘဲ ကျွန်တော်တို့ အဆက်ပြတ်နေတဲ့ ဆက်သွယ်ရေးကို ဘယ်လိုလုပ်မလဲဆိုတာ အဓိကကျပါတယ်။ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ပြီး ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ ကွင်းဆက်ကိုရမယ်။ မနက်မှ ဆုံမယ်လေ" ဟုပြောကြားခဲ့သည်။
 

မြန်မာနိုင်ငံမြောက်ပိုင်း  အဖွဲ့ခုနစ်ဖွဲ့အနက် အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်- မိုင်းလား တပ်ဖွဲ့ (NDAA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့သည် အစည်းအဝေး တက်ရောက်ရန်အတွက် နေပြည်တော်သို့ ကြိုတင်ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။ 

 

အဆိုပါမြောက်ပိုင်း ခုနစ်ဖွဲ့ကို ဒုတိယဥက္ကဋ္ဌ အဆင့်ရှိသူများ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့က မြောက်ပိုင်းအဖွဲ့ ခုနစ်ဖွဲ့အား နေပြည်တော် Horizon Lake View Resort တွင် လာရောက်တွေ့ဆုံခဲ့ကြသည်။ 

 

ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးက "ဒုတိယဥက္ကဋ္ဌတွေ လာတာဆိုတော့ အရေးပါတာပေါ့။ နောက်ဥက္ကဋ္ဌတွေက လာချင်ပေမယ့် ကျန်းမာရေး အခြေအနေကြောင့်ပါ။ ညီလာခံနဲ့ တိုက်ရိုက်ဆက်စပ်မှု မရှိပေမယ့် နိုင်ငံတော် အကြီးအကဲတွေနဲ့တော့ တရားဝင် တွေ့ဆုံမှာပါ။ တွေ့တဲ့အခါ သူ့သဘောထား၊ ကိုယ့်သဘောထား တော်တော်လေးညှိနိုင်မယ်ထင်တယ်။ အဲ့ဒီလို ညှိနိုင်ပြီဆို အောက်ခြေမှာ လိုက်လုပ်ရတာ လွယ်သွားပြီ" ဟု ပြောသည်။ 

 

တရုတ်နိုင်ငံအနေဖြင့် ကျင်းပခဲ့သည့်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေး သုံးကြိမ်တွင် ဒုတိယအကြိမ်မှစတင်၍ မြောက်ပိုင်းမဟာမိတ် အဖွဲ့ကို တာဝန်ယူ၍ ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထံက သိရသည်။ 

 

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး ဦးလှမောင်ရွှေက လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် "ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုပြီးကောင်းတာက မြောက်ပိုင်း ၇ ဖွဲ့ လာတွေ့တယ်။ တာဝန်ရှိတဲ့သူတွေနဲ့လည်း တွေ့မယ်လို့ ကြားတယ်။ ဒါက ယုံကြည်မှုတည်ဆောက်တဲ့ လုပ်ငန်းစဉ်ပါ။ အဲ့ဒီအတွက်နည်းလမ်းတွေလည်း ရှာဖို့၊ ရဖို့ မျှော်လင့်တယ်" ဟုပြောသည်။ 

 

ညပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်ကောရှန်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ''ဝ'' ပြည်သွေးစည်းညီညွတ်ရေး ပါတီ/ ''ဝ'' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်- (NDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) မြန်မာနိုင်ငံမြောက်ပိုင်းအဖွဲ့ ခုနစ်ဖွဲ့တို့မှ ခေါင်းဆောင်များအား နေပြည်တော် Horizon Lake View  Resort တွင် ညစာဖြင့် တည့်ခင်းဧည့်ခံသည်။

 

အဆိုပါဧည့်ခံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ အတွင်းရေးမှူး ဦးခင်ဇော်ဦးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး ဦးလှမောင်ရွှေ  တို့ တက်ရောက်ခဲ့ကြသည်။ 

 

သတင်း…ရဲခေါင်ညွန့်၊ ဓါတ်ပုံ..ဖိုးထောင်