ရန်ကုန် ၁၀ ဇွန်
ကျွန်တော်တို့ချစ်သော ရုပ်ရှင်ဇာတ်ကားကြီးသည် ချစ်သော မိသားစုအသိုက်အဝန်း၊ ချစ်သော ချစ်ရသူ၊ ချစ်ရသော မိမိ၏လုပ်ငန်းခွင် စသည့်တို့အပေါ် တန်ဖိုးထားမြတ်နိုးခြင်းကို အဓိကထား ရိုက်ကူး တင်ဆက်ထားသည့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည်။
ယင်းရုပ်ရှင်ဇာတ်ကားကြီးကို ချမ်းသာရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး တင်အောင်စိုး(ပန်းမြို့တော်)၏ ဝတ္တူ ကို ဇာတ်ညွှန်း ပြည်သက်ထွန်း၊ ကဗျာသစ် ရေးသားကာ ဒါရိုက်တာ ဝင်းဆောင်(နေကြာရိုင်း)က ရိုက်ကူးထားခြင်း ဖြစ်သည်။ အဓိက သရုပ်ဆောင်များအဖြစ် စိုးရန်အောင်နှင့် မိုးယုစံတို့က ပါဝင်သရုပ်ဆောင်ထားပြီး ရွှေသွန်းခ၊ မေစူးနိုင်၊ စန္ဒီမောင် တို့အပြင် အခြားအနုပညာရှင်များစွာလည်း ပါဝင်ထားသည်။
“တကယ်တမ်း စစ်ကားဆိုတာက ပုဂ္ဂလိကအနေနဲ့ ရိုက်လေ့ရိုက်ထ မရှိတော့ပါဘူး။ နိုင်ငံတော် အနေနဲ့ တပ်ကပဲရိုက်ကြတာများတယ်ပေါ့။ ဒါ့ကြောင့် ဒီကားက ဦးကျော်ဟိန်းတို့နောက်ပိုင်းမှာ ပုဂ္ဂလိကအနေနဲ့ရိုက်တဲ့ ပထမဆုံးကားပါ။” ဟု ဒါရိုက်တာ ဝင်းဆောင်(နေကြာရိုင်း)က ပြောသည်။
ယင်းဇာတ်ကားကြီးသည် စစ်ကားတစ်ကားဟု ဆိုရမည်ထက် လူမှုဘဝပုံစံအမျိုးမျိုးကြားက ချစ်ခင်တွယ်တာမှုများကို အဓိကထားတင်ဆက်ထားပြီး စစ်တိုက်ဇာတ်ဝင်ခန်းများအကြား ဟာသဇာတ်ဝင်ခန်း များဖြင့်လည်း ရသစုံလင်စွာ ရိုက်ကူးပုံဖော်ထားသည်။
“ တစ်ဦးနဲ့တစ်ဦး နေထိုင်ရာ ပတ်ဝန်းကျင်မှာ လူတိုင်း ကိုယ်ချစ်တဲ့သူတွေနဲ့ နေထိုင်ချင်ကြတာပါပဲ။ ဒီအကြောင်းအရာလေးက ဇာတ်ကားရဲ့ အဓိကပေးချင်တဲ့ အကြောင်းအရာပေါ့။ ဒီဇာတ်ကားကြီး ဖြစ်မြောက် အောင်မြင်ဖို့အတွက် ကျွန်တော်တို့လူငယ်တွေအားလုံး အခက်အခဲအမျိုးမျိုးကြားက ရိုက်ကူးပုံဖော် ခဲ့ကြတယ်။ ကျွန်တော်တို့ကို အသိအမှတ်ပြုသောအားဖြင့် ကျွန်တော်တို့ချစ်သော ရုပ်ရှင်ဇတ်ကားကြီးကို လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သည့် သရုပ်ဆောင် စိုးရန်အောင် က ပြောသည်။
ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၁၅ ရက်မှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ပြသသွားမည် ဖြစ်သည်။
(မေနှင်းဆီ)