မကွေး ၂၆ ဒီဇင်ဘာ

 

ရှေးနှစ်ပေါင်း ၁၅၀ ကျော် ၂၀၀ နီးပါးခန့်ရှိပြီး ကျွန်းတိုင် ၁၀၆ တိုင်ရှိ မကွေးမြို့၊ ကင်းရပ်ကွက်၊ ကင်းပြသာဒ် ရှေးဟောင်းကျောင်းတော်ကြီးမှာ ယိုင်လဲနေပြီး လာရောက်ထိန်းသိမ်း ပြုပြင်မည့်သူမရှိသောကြောင့် ထိန်းသိမ်းပြုပြင်ရန် လိုအပ်နေသည်ဟု မကွေးမြို့ ကင်းပြသာဒ်ကျောင်းဆရာတော်ကြီးက မိန့်ကြားသည်။

 

ဘုန်းကြီးတို့ အရင်သက်တော် ၁၀၀ ကျော်ရှိတဲ့ ဆရာတော်ကြီးကိုယ်တိုင်က မိန့်ဖူးတယ်။ ဆရာတော်ကြီးတောင် ဒီကျောင်းတော်ကြီး ဘယ်တုန်းက စတည်ခဲ့တာ မသိဘူးတဲ့။ ကမ္ဘာလှည့်ခရီးသည်တွေတော့ မကြာခဏလာကြည့်ကြ၊ ဓာတ်ပုံလဲရိုက်ကြတာပဲ။ ရှေးဟောင်းအမွေအနှစ်၊ တိုင် ၁၀၆ တိုင် ကျွန်းကြီးပဲ။ ဒီနေ့ထိတော့ ဘယ်သူမှလာပြုပြင်မှု မရှိသေးဘူး။ နှမြောစရာကောင်းတယ်၊ ပြန်လည်ပြုပြင်ထိန်းသိမ်းသင့်တယ်။ မကွေးမြို့က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ရှေးဟောင်းယဥ်ကျေးမှု ထိန်းသိမ်းရေးတွေ သိချင်လဲသိကြမှာ။ အကြံပြုချင်တာက ဒီလိုရှားပါးကျောင်းတော်ကြီး ပြန်လည်ပြုပြင် ထိန်းသိမ်းသင့်ပါတယ်။ ဘုန်းကြီးတို့လဲ မတတ်နိုင်ဘူးဟု ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေကြောင်း အဆိုပါကျောင်း ကျောင်းထိုင်ဆရာတော်က မိန့်သည်။

 

မကွေးဝင်းမောင်