mdn

နေပြည်တော် ၂၃ အောက်တိုဘာ

 

Korea International Cooperation Agency (KOICA) မှ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် ကျောက်ဖြူခရိုင်များရှိ နေရပ်စွန့်ခွာသူများအတွက် လူသုံးကုန်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ UEHRD ကော်မတီ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက KOICA မှ မြန်မာနိုင်ငံအစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် Hand Sanitizer များ၊ ဆေးစိမ်ခြင်ထောင်များ၊ တာပေါ်လင်များနှင့် Mask များ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ (၃၀၀,၀၀၀) လှူဒါန်းခြင်းကို အထူးပင် ဝမ်းမြောက်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရှိစေရေးအတွက် ပြည်တွင်းနေရပ်စွန့်ခွာသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ မသန်စွမ်းများ အပါအဝင် ပြည်သူများအတွက် ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းနှင့် IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ပံ့ပိုးထောက်ပံ့ခဲ့ပါကြောင်း၊ ထို့အပြင် CERP အစီအစဉ်အရ IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်သူများနှင့် ထိခိုက်လွယ်အုပ်စုများတွင် အထောက်အကူဖြစ်မည့် လုပ်ငန်းများကို ငွေကျပ်(၃၀ ဒသမ ၄၄၆) သန်းကျခံဆောင်ရွက်ခဲ့ပါကြောင်း၊ KOICA မှလှူဒါန်းပစ္စည်းများကို နေရပ်စွန့်ခွာသူများ လက်ဝယ်သို့ စနစ်တကျ ဖြန့်ဖြူးနိုင်ရေး ရခိုင်ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းခြင်းသည် လက်ခံရရှိသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများတွင် သာမက အထွေထွေအသုံးပြုရန်အတွက်ပါ အသုံးဝင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ကိုရီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ လီဆောင်ဟွာက KOICA အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာအိမ်ထောင်စု (၈၀၀၀)ကျော်အတွက် လိုအပ်သော လူသုံးကုန်ပစ္စည်းများဖြစ်သော ဆေးစိမ်ခြင်ထောင်များ၊ တာပေါ်လင်များ၊ Face Masks နှင့် Hand Sanitizers များထောက်ပံ့ရခြင်းအတွက် ဝမ်းမြောက်ရပါကြောင်း၊ Korea နိုင်ငံအစိုးရအနေဖြင့် ODA “Building Trust” initiative အရလှူဒါန်းခြင်းဖြစ်ပါကြောင်း၊ Korea နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်၍ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေး၊ ရောဂါရှာဖွေရေးလုပ်ငန်းများတွင် အတူတကွကူညီ ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် KOICA မှ Chief Representative က လှူဒါန်းရသည့် အကြောင်းရင်းကို ပြောကြားပြီး လှူဒါန်းပစ္စည်းပေးအပ်လွှာကို တာဝန်ရှိသူအားပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်