ရာသီဥတုအပူချိန် ပြင်းထန်ခြင်းနှင့် ရာသီအကူးအပြောင်း၌ မွေးမြူရေးပျားအုံများတွင် ရောဂါများ ကျရောက်ဖြစ်ပွားနိုင်ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပါသဖြင့် ဥရောပ ပျားမွေးမြူရေးအုံများတွင် ကပ်ပါးမွှားရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
- ပျားစခန်းရွှေ့ပြောင်းလျှင် မိမိပျားစခန်းအား ပျားရောဂါကုသပြီးမှသာ ရွှေ့ပြောင်းရန်။
- လက်ရှိချထားမွေးမြူလျှက်ရှိသော ဒေသရှိ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ် တာဝန်ခံမှ ထုတ်ပေးသော ပျားရောဂါ ကုသပြီးစီးကြောင်း ထောက်ခံချက် လက်မှတ်ရရှိမှသာ ရွှေ့ပြောင်းရန်။
- ပျားစခန်းအားလုံး ဧပြီလဆန်းမှ မေလပထမပတ်အတွင်း ကပ်ပါးမွှားရောဂါ တချိန်တည်း တပြိုင်တည်းကုသမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
- ပျားစခန်းရွှေ့ပြောင်း ချထားမွေးမြူမည့် နေရာပတ်ဝန်းကျင်ရှိ ပျားစခန်းများတွင် ကပ်ပါးမွှားရောဂါ ကျရောက်ဖြစ်ပွားမှု ရှိ/မရှိ ဦးစွာစုံစမ်းပြီး ရောဂါ ကင်းရှင်းမှသာ ရွှေ့ပြောင်းမွေးမြူရန်။
- ဒေသခံပျားများ ပေါများစွာရှိသော နေရာတွင် ပျားစခန်းချထားမွေးမြူခြင်း မပြုရန်။
- ပျားအုံပြင်ပ စစ်ဆေးခြင်းကို နေ့စဉ်ဆောင်ရွက်ရန်။
- အုံတွင်းစစ်ဆေးမှု ပြုလုပ်သည့်အခါတိုင်း သံသယရှိသော ရုပ်ဖုံးသားလောင်းများကို ဖောက်ထုတ်စစ်ဆေးရန်။
- ပျားအင်အားကောင်းအောင် ဆောင်ရွက်၍ ပျားသလက်ချပ်နှင့် ပျားအင်အား မျှတမှု ရှိနေစေရေး ဆောင်ရွက်ရန်။
- ပျားအုံများကို ရောဂါဒဏ်ခံနိုင်ရည်ရှိသော ပျားဘုရင်မများဖြင့် မွေးမြူနိုင်ရေး လုပ်ဆောင်ရန်။
- လိုအပ်သော ဖြည့်စွက်စာများကို တိုက်ကျွေးရန်။
- ရောဂါကျရောက်ပါက ဌာနမှ သတ်မှတ်ထားသော ဆေးဝါးများကိုသာ အသုံးပြု ကုသရန်။
- ရောဂါဆိုးရွားစွာ ကျရောက်နေသော ပျားစခန်းကို အခြားပျားစခန်းများနှင့် အနည်းဆုံး (၃) မိုင် အကွာအဝေးသို့ ရွှေ့ပြောင်း၍ သီးခြားထားရှိစေပြီး ပျားစခန်းရှိ ပျားအုံအားလုံးကို အမြန်ဆုံး ဆေးကုသမှုဆောင်ရွက်ရန်။
- ရောဂါကျရောက်ဖြစ်ပွားနေကြောင်း သိရှိပါက နီးစပ်ရာတိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်ပျားမွေးမြူမှု ဖွံ့ဖြိုးရေးတာဝန်ခံရုံးနှင့် မြန်မာနိုင်ငံပျားလုပ်ငန်း ရှင်များအသင်းထံသို့ ဆက်သွွယ်အကြောင်းကြား၍ ပူးပေါင်းဆောင်ရွက်မှု ရယူရန်။
- မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန


