ကပ်ရောဂါဘေးကိုသာမက ဆာလောင်မှုဘေးကိုပါ စိုးရိမ်နေရတဲ့ ဟေတီ

ခြူးစန္ဒီနွေး

 

ကိုဗစ်-၁၉ ဗိုင်းရပ်စ် ဟေတီနိုင်ငံမှာ စတင်ဖြစ်ပွားစဉ်အခါကဆိုရင် ဟေတီအာဏာပိုင်တွေရော၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကျွမ်းကျင်သူတွေပါ စိုးရိမ်ထိတ်လန့်ခဲ့ရပါတယ်။ အားနည်းလှတဲ့ တိုင်းပြည်ရဲ့ ကျန်းမာရေး စနစ်ဟာ ကိုဗစ် -၁၉ ကပ်ရောဂါဆိုးကြီးကို တောင့်ခံနိုင်ပါ့မလားဆိုပြီး တွေးပူခဲ့ကြပါတယ်။


စီးပွားပျက်ကပ်ကို ပိုစိုးရိမ်ရ

ဒါပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ ကပ်ရောဂါဆိုးကို ကြောက်ရတာထက် ကပ်ရောဂါရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်ဖြစ်တဲ့ စီးပွားရေးပျက်စီးမှုကို ပိုပြီးကြောက်ရွံ့နေရပါတယ်။ မေ ၂ ရက်တုန်းကဆိုရင် ဟေတီ နိုင်ငံမှာ ကိုဗစ် -၁၉ ကူးစက်ခံရတဲ့သူ အရေအတွက်ဟာ သိပ်မများသေးပါဘူး။ ဟေတီနိုင်ငံမှာတော့ ဒီကပ်ရောဂါဟာ အစပြုတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်၊ စီးပွားရေးအခြေအနေမကောင်းဘဲ ဆင်းရဲလှတဲ့ နိုင်ငံတွေမှာတော့ မိမိနေအိမ် မှာပဲနေဖို့၊ လူအချင်းချင်းခပ်ခွာခွာနေဖို့ဆိုတာဟာ လက်လှမ်းမမီတဲ့ ဇိမ်ခံပစ္စည်းလို ဖြစ်နေပါတယ်။


နှာခေါင်းစည်းတပ်ဆင်ရမယ်
ဟေတီနိုင်ငံဟာ အမေရိကတိုက်ရဲ့ အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး ဟေတီအစိုးရဟာ ဗိုင်းရပ်စ်ကူးစက်ခံရမှုမပျံ့နှံ့ရေး တွက် စည်းကမ်းတင်းကျပ်မှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ မေ ၁၁ ရက်ကစလို့ ပြည်သူတွေဟာ အများ ပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေကို သွားတဲ့အခါမှာ မဖြစ်မနေနှာခေါင်း စည်းတပ်ဆင်ရမှာပဲ ဖြစ်ပါတယ်။ နှာခေါင်းစည်း ကိစ္စကို အသာထားလိုက်ပါဦး၊ ဟေတီနိုင်ငံမှာတော့ လူအများကြားမှာ ပျံ့နှံ့နေတဲ့မေးခွန်းကတော့ ကိုဗစ်-၁၉ ကူးစက်ခံရလို့ မနက်ဖြန်သေမလား၊ အစာငတ်လို့ ဒီနေ့ပဲ သေမလားဆိုတာပါပဲ။


တစ်ပူပေါ် နှစ်ပူဆင့်

မတ် ၁၉ ရက်က ဟေတီနိုင်ငံရဲ့ ကမ်းခြေတွေမှာ ကိုဗစ်-၁၉ ကို စတင်တွေ့နေရပြီလို့ ကြေညာခဲ့တဲ့နောက် ဈေးဝယ်သူတွေဟာ ကြောက်လန့်တကြား ဈေးဝယ်ကြပါတယ်။ ဆန်ဈေးနှုန်းကလည်း ၂၀၁၉ ခုနှစ်ကနဲ့ ယှဉ်လျှင် နှစ်ဆမြင့်တက်သွားပါတယ်။ မတ်လအတွင်းကစပြီး ငွေကြေးဖောင်းပွ မှုနှုန်းကလည်း မြင့်တက်လာပါတယ်။ ကိုဗစ်-၁၉ နဲ့ ဆက်စပ်ပြီးဈေးနှုန်းကြီး မြင့်မှုတွေဖြစ်ပေါ်လာပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကတည်းကစပြီး စီးပွားရေးကျဆင်းနေတဲ့ ဟေတီနိုင်ငံအတွက် ဒီအချက်ဟာ တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလိုပါပဲ။ ဒီလိုမျိုး အခြေအနေ ရှုပ်ထွေးမှုတွေကြားထဲမှာ ဟေတီနိုင်ငံရဲ့ ဂျီဒီပီဟာ လေးရာခိုင်နှုန်းကျဆင်းသွားမယ်လို့ မျှော်လင့်ထားကြောင်း ဟေတီ နိုင်ငံရဲ့ ဝန်ကြီးချုပ်က ပြောပါတယ်။


လက်ပိုက်ကြည့်နေရ
ယခုနှစ်အတွင်း အွန်လိုင်းကနေတစ်ဆင့်ပြုလုပ်တဲ့ ဘဏ္ဍာရေးဆွေးနွေးပွဲမှာ အခုလိုပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဟေတီနိုင်ငံသားထက်ဝက်ခန့်နီးပါး ရဲ့အလုပ်အကိုင်ဟာ စိုက်ပျိုးရေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စိုက်ပျိုးရေး ဟာ တိုင်းပြည်ဂျီဒီပီရဲ့ ၂၁ ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုပါတယ်လို့ ဟေတီနိုင်ငံရဲ့ စီးပွားရေးပညာရှင် အစ်ဇာ အီမလီကပြောပါတယ်။ လယ်မြေအနည်းငယ်သာ ပိုင်ဆိုင်ထားတဲ့ ဆင်းရဲသားအလုပ်သမားတွေဟာ ဒီနှစ် ကောက်ရိတ်သိမ်းချိန်မှာ ဈေးကွက်ယိမ်းယိုင်သွားတာကို ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေရတယ်။ နောက်နှစ် စိုက်ပျိုး ရေးရာသီအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ပိုပြီးခဲယဉ်းလာမယ့်အခြေအနေ ရှိပါတယ်။


ကုလသမဂ္ဂက သတိပေး

အထူးသဖြင့် ဒေသတွင်းမိုးခေါင်မှုတွေကြောင့် သီးနှံဖြစ်ထွန်းမှုအတွက် စိုးရိမ်နေရပါတယ်။ ကိုဗစ် -၁၉ ကပ်ရောဂါက ကမ္ဘာ့နိုင်ငံတွေရဲ့ စီးပွားရေးကို မဖျက်ဆီးပစ်ခင်ကတည်းက ဟေတီနိုင်ငံရဲ့ စီးပွားရေးဟာ အခြေအနေ မကောင်းလှ ပါဘူး။ အဲဒီအချိန်ကတည်းက ဟေတီနိုင်ငံသား ၄၀ ရာခိုင်နှုန်းဟာ ၂၀၂၀ ပြည့်နှစ်ရောက်ရင် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်လာလိမ့်မယ်လို့ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။

 

ပြည်ပသို့သွားရောက်လုပ်ကိုင်
မတ်လလောက်ကစပြီး ဟေတီနိုင်ငံသား သုံးသန်းနီးပါးဟာ အစားအစာ မလုံလောက်မှုပြဿနာနဲ့ ရင်ဆိုင်ကြုံ တွေ့ရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဟေတီနိုင်ငံသားအများစုဟာ အခြားသော ပြည်ပနိုင်ငံတွေဆီသွားကာ အလုပ်လုပ်ကိုင်ရပါတယ်။ အဲဒီနောက် နိုင်ငံဆီကို ပိုက်ဆံတွေပြန်ပို့ကြပါတယ်။  တိုင်းပြည်ရဲ့စီးပွားရေး ကျဆင်းမှု ကတော့ အရင်အတိုင်းပါပဲ။ နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့ ဟေတီနိုင်ငံသားတွေဟာ တစ်နှစ်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် တိုင်းပြည်အတွင်းကို ပိုက်ဆံပြန်လွှဲကြပါတယ်။ အဲဒီ ငွေကြေးပမာဏဟာ တိုင်းပြည်ဂျီဒီပီရဲ့ သုံးပုံ တစ်ပုံနီးပါးရှိတယ်လို့ တရားဝင်စာရင်းဇယားတွေအရ သိရပါတယ်။


နိုင်ငံခြားပြန်ပို့ငွေပေါ် မှီခိုရ

ဟေတီနိုင်ငံသားတွေဟာ အစားအသောက်ဝယ်ယူဖို့နဲ့ ပညာရေးကအစ နောက်ဆုံးအသုဘအခမ်းအနား ကျင်းပရင်တောင် နိုင်ငံရပ်ခြားက ပြန်ပို့တဲ့ငွေတွေအပေါ်မှာပဲ မှီခိုနေရတယ်လို့ ဟေတီစီးပွားရေးပညာရှင် တစ်ဦးဖြစ်သူ ကက်ရှာဖာရယ်က ပြောပါတယ်။ ဟေတီနိုင်ငံသားတွေ အဓိကသွားရောက် အလုပ်လုပ်ကိုင်တဲ့နိုင်ငံ ကတော့ အမေရိကန်ပါ။ အမေရိကန်နိုင်ငံဟာလက်ရှိ အခြေအနေမှာ ကိုဗစ် -၁၉ ကူးစက်မှုကို အဆိုးရွားဆုံး ခံစားနေရပါတယ်။ မေ ၆ ရက်အထိ အမေရိကန်မှာ ကိုဗစ် -၁၉ ကူးစက်ခံရသူ ၃၇၂၈၀၄၇ ဦး ရှိပြီး လူပေါင်း ၂၅၈၃၅၆ ဦး သေဆုံးခဲ့ပြီးပါပြီ။ ပြန်လည်ကျန်းမာလာသူ အရေအတွက်ကတော့ ၁၂၄၂၅၀၀ ရှိပါတယ်။


အိမ်ကိုပိုက်ဆံပြန်မပို့နိုင်
အမေရိကန်နိုင်ငံအတွင်းမှာလည်း ကပ်ရောဂါကြောင့် အသွားအလာ ပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း အမေရိကန်နိုင်ငံအတွင်းမှာ အလုပ်လက်မဲ့ဦးရေ အဆမတန်မြင့်တက်လာပါတယ်။ ဒါကြောင့် အမေရိကန်မှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ဟေတီနိုင်ငံသားတွေဟာ အိမ်ကိုပိုက်ဆံပြန်ပို့ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဟေတီနိုင်ငံမှာ မကြာမီလများအတွင်း ဘဏ္ဍာရေးဆိုင်ရာ အကူအညီရမယ်လို့ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ခန့်မှန်းထားပါတယ်။ အမေရိကန်နိုင်ငံရဲ့စီးပွားရေးဟာ ကပ်ရောဂါကြောင့် ထိခိုက်ခံစားနေတဲ့ အချိန်မှာ ဟေတီနိုင်ငံသားတွေကလည်း အဆုတ်ရောင်ရောဂါကို ခံစားနေရပါတယ်။


ကူးစက်ခံရသူ တစ်ရှိန်ထိုးမြင့်တက်

အမေရိကန်မှာ အလုပ်အကိုင်သန်းနဲ့ချီပြီး ဆုံးရှုံးနေရမှုကြောင့် ဟေတီနိုင်ငံအတွင်း ဆင်းရဲမှုကို ပိုမိုဆိုးရွား သွားလိမ့်မယ်လို့ စီးပွားရေးပညာ ရှင်တစ်ဦးဖြစ်တဲ့ ဖာရယ်က ပြောပါတယ်။ မေ ၆ ရက်ရောက်တဲ့အခါမှာတော့ ဟေတီနိုင်ငံရဲ့ ကိုဗစ် -၁၉ ကူးစက်ခံရမှုနှုန်းဟာ တစ်ရှိန်ထိုးမြင့်တက် သွားပါပြီ။ ကူးစက်ခံရသူပေါင်း ၁၀၁ ဦးရှိကာ ၁၂ ဦးသေဆုံးခဲ့ရပါတယ်။ ပြန်လည်ကျန်းမာလာသူအရေအတွက်ကတော့ ၁၀ ဦး ရှိပါတယ်။ အမေရိကန် နိုင်ငံအပြင် ဟေတီနိုင်ငံသားတွေသွားရောက်လုပ်ကိုင်တဲ့ နိုင်ငံကတော့ ဒိုမီနီကန်နိုင်ငံပါပဲ။ ဒိုမီနီကန်နိုင်ငံမှာလည်း ကိုဗစ် -၁၉ ကူးစက်ခံရသူ အရေ အတွက်ဟာ မြင့်တက်လို့နေပါတယ်။ အဲဒီနိုင်ငံက ပြန်လာကြမယ့် ဟေတီ နိုင်ငံသားတွေမှာ လည်း ရောဂါပိုးပါလာနိုင်ပါတယ်။


အတော်လေးရုန်းကန်ရ
ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေမှာတောင် ကိုဗစ်-၁၉ နဲ့ ပတ်သက်လာရင် အလူးအလဲခံစားနေရပါတယ်။ ဒီလို အခြေအနေမျိုးမှာ စီးပွားရေးအရရော၊ ကျန်းမာရေးစနစ်ပါအားနည်းနေတဲ့ ဟေတီလိုနိုင်ငံမျိုး အတွက်ကတော့ ဒီအခြေအနေကို တောင့်ခံနိုင်ဖို့ တော်တော်လေးရုန်းကန်ရမှာပါပဲ။

ကိုးကား -အေအက်ဖ်ပီ