ကလျာမိုးမြင့် - ရေးသားသည်
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရမှုကြောင့် ဆေးကုသမှုခံယူခဲ့ပြီးနောက် ပြန်လည်ကျန်းမာလာတဲ့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ မကြာခင်အချိန်အတွင်းမှာပဲ လုပ်ငန်းခွင်ပြန်ဝင်ဖို့ အသင့်ဖြစ်နေပြီလို့ သိရပါ တယ်။ ဒီအချိန်မှာတော့ ၎င်းရဲ့အစိုးရအဖွဲ့ဟာ ဗြိတိန်ကို အသွားအလာ၊ အဝင်အထွက် ကန့်သတ်ပိတ်ဆို့ ထားမှုကနေ ဘယ်လိုဆွဲထုတ်မလဲဆိုတာနဲ့ပတ်သက်ပြီး ရှင်းပြဖို့ ဖိအားများစွာကျရောက်လျက်ရှိ ပါတယ်။
ကျန်းမာလျက်ရှိ
အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာဘောရစ် ဂျွန်ဆင်ဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် အထူးကြပ်မတ်ကုသဆောင်မှာ သုံးရက်ကြာအောင် ကုသမှုခံယူခဲ့ပြီးတဲ့ နောက်မှာတော့ ရောဂါအခြေအနေ ပြန်လည် သက်သာကောင်းမွန်လာတဲ့အတွက် ဧပြီ ၁၂ ရက်မှာ ဆေးရုံက ပြန်ဆင်းလာခဲ့ပြီး လန်ဒန်မြို့ အပြင်ဘက် ချက်ကွာမှာရှိတဲ့ ဝန်ကြီးချုပ်အိမ်တော်မှာ အနားယူခဲ့ပါတယ်။
သတင်းစကားကြားသိရ
မစ္စတာဂျွန်ဆင်အနေနဲ့ နိုင်ငံရေးဆိုင်ရာ စကားစစ်ထိုးပွဲထဲကို ပြန်မဝင်ခင်မှာ အခြေအနေတွေကို လွယ်ကူ ချောမွေ့အောင်ဆောင်ရွက်နိုင်ဖို့ ခေါင်းခဲစရာဖြစ်နေပါတယ်။ မစ္စတာဂျွန်ဆင်ဟာ အဲလိစ်ဇဘက်ဘုရင်မ ကြီးနဲ့ရော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ပါ စကားပြောဆိုခဲ့ပြီးနောက် ဒေါင်းနင်းလမ်းဆီ ၎င်းပြန်သွား တော့မယ်ဆိုတဲ့ သတင်းစကား တွေကို ကြားသိရပါတယ်။
ပိုမိုသတိရှိဖို့လို
သမ္မတထရမ့်က မစ္စတာဂျွန်ဆင် ဟာ ခွန်အားပြန်လည်ပြည့်ဝနေပြီး ၎င်းတို့ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ချိန်မှာ မစ္စတာဂျွန်ဆင် ရဲ့ အနေအထားက မယုံနိုင်လောက်အောင် ကျန်းမာနေသလိုပဲ။ အစိုးရတာဝန်တွေ ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလာချိန်မှာ အမှန်တကယ်အံ့အားသင့်ခဲ့ ရတယ်လို့ ယခုရက်ပိုင်းအတွင်းပြောကြားခဲ့ ပါတယ်။ မစ္စတာဂျွန်ဆင်ဟာ တနင်္လာနေ့ ရောက်တဲ့အခါ ၎င်းရဲ့ အလုပ်စားပွဲပေါ် ပြန်ရောက်နေမှာဖြစ်ပြီး အစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ ဆွေးနွေးပွဲတွေလုပ်တော့မယ်လို့ ဒေးလီးတယ်လီဂရပ်ဖ် သတင်းစာက ဖော်ပြ ပါတယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ကတော့ ဝန်ကြီးချုပ်အနေနဲ့ ပြန်ကောင်းလာပြီဆိုတာ မှန်ပေမယ့် ပိုပြီး သတိ ထားဖို့ လိုလိမ့်မယ်လို့ သတိပေးနေပါတယ်။
တာဝန်ခွဲဝေ
ဝန်ကြီးချုပ် မစ္စတာ ဘောရစ်ဂျွန်ဆင် ဆေးရုံစတက်ခဲ့တဲ့ ဧပြီ ၆ ရက်ကစပြီး ၎င်းရဲ့ ကိုယ်စား နိုင်ငံခြားရေး ဝန်ကြီး ဒိုမီနစ်ရက်ဘ်က ယာယီတာဝန်ယူဆောင်ရွက်ခဲ့ကာ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ဖို့ နိုင်ငံရေးဆိုင်ရာ မဟာဗျူဟာတွေနဲ့စပ်လျဉ်းတဲ့ အစိုးရအဖွဲ့ အစည်းအဝေးတွေကို ဦးဆောင်ကျင်းပခဲ့ပါတယ်။
အတည်ပြုချက်ရယူဖို့
နိုင်ငံရေးဆိုင်ရာ ကြီးကြပ်သူတစ်ဦးအဖြစ် အမည်ခံထားချိန်အတွင်းမှာ ရက်ဘ်အနေနဲ့ အသွားအလာ ကန့်သတ်ပိတ်ဆို့မှု ဖြေလျှော့ရေး အစီအစဉ်တွေလိုမျိုး အရေးကြီးဆုံးဖြတ် ချက်တွေကိုချမှတ်ဖို့ အစိုးရအဖွဲ့ တစ်ရပ်လုံးရဲ့ ထောက်ခံ အတည်ပြုချက်ရယူဖို့ လိုအပ် ကောင်း လိုအပ်ခဲ့မှာဖြစ်ပေမယ့် တကယ် တမ်းမှာတော့ မစ္စတာဂျွန်ဆင်မရှိတဲ့ အတောအတွင်းမှာ မစ္စတာရက်ဘ်၊ ထိပ်တန်းဝန်ကြီး တစ်ဦးဖြစ်တဲ့ မစ်ချယ်ဂုဖ်နဲ့ ကျန်းမာရေး ဝန်ကြီး မတ်ဟန်းကော့တို့က ခေါင်းဆောင် နေရာကို တာဝန်ကြီးစွာနဲ့ ခွဲဝေယူထားရပါတယ်။
ရောဂါဖြစ်ပွားမှုအဆိုးဆုံးနိုင်ငံတစ်ခုဖြစ်
ဆေးရုံမှာ ရောဂါကူးစက်ခံရတဲ့လူနာတွေ သေဆုံးမှုမြင့်တက်နေမှုနဲ့အတူ ကိုဗစ်-၁၉ ပေါ့စတစ်လူနာတွေ မတန်တဆ တိုးပွားလာ နေတဲ့အချိန်မှာပဲ မစ္စတာဂျွန်ဆင်ဟာလည်း အထူးကြပ်မတ်ကုသဆောင်မှာ အရေးပေါ် ကုသမှုခံယူနေခဲ့ရပါတယ်။ ဗြိတိန်ဟာ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အဆိုး ရွားဆုံးခံစားရတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး နေ့စဉ် နေ့တိုင်းလိုလို လူတွေရာနဲ့ချီ သေဆုံးနေရပါတယ်။ အမှန်တကယ်သေဆုံးသူ အရေအတွက် ဟာလည်း လူမှုအဖွဲ့အစည်းအတွင်းမှာ စာရင်းကောက်ယူ ဖော်ပြထားတဲ့ ပမာဏထက်ပိုပြီး မြင့်တက်လာနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ဝေဖန်ထိုးနှက်မှုတွေရင်ဆိုင်နေရ
အစိုးရအဖွဲ့ အတွင်းမှာ မစ္စတာဂျွန်ဆင် မပါဝင်နိုင်တဲ့ အချိန်အတွင်းမှာ တာဝန်ယူဆောင်ရွက်နေတဲ့ ဝန်ကြီးအဖွဲ့တွေဟာ အကာအကွယ်ဝတ်စုံ(PPE) မလုံလောက်မှု ဗိုင်းရပ်စ်စစ်ဆေးစမ်းသပ်မှုတွေကို ကျယ်ကျယ် ပြန့်ပြန့် မလုပ်ဆောင်နိုင်မှု၊ အထူးသဖြင့် ရှေ့တန်းစစ်မျက်နှာတစ်ခုအနေနဲ့ တာဝန်ဆောင်ရွက်နေကြရတဲ့ ကျန်းမာရေးဝန်ထမ်း တွေနဲ့ လူမှုစောင့်ရှောက်ရေးဝန်ထမ်းလုပ်သားတွေနဲ့ပတ်သက်ပြီး ဝေဖန်ထိုးနှက်တိုက်ခိုက် မှုပေါင်းများစွာကို ခေါင်းခံ ရင်ဆိုင်နေရပါတယ်။
အယုတ်၊ အလတ်၊ အမြတ်မရွေး
အစိုးရအဖွဲ့ဟာ မြန်ဆန်သွက်လက်တဲ့ ဆောင်ရွက်မှု ရှိသင့်သလောက်မရှိဘူးလို့ ဗြိတိန် ဆေးဝါးကုသမှု အဖွဲ့အစည်းရဲ့ ကောင်စီ ဥက္ကဌ ချောအန်နက်ပေါလ်က စကိုင်းနယူးရုပ်သံ သို့ ဝေဖန်ပြောကြားခဲ့ပါတယ်။ ဗိုင်းရပ်စ်ဟာ အယုတ်၊ အလတ်၊ အမြတ်မရွေး ဆင်းရဲ ချမ်းသာမရွေး ခွဲခြားမှုမရှိဘဲ ဒုက္ခပေးတတ်တဲ့ သဘောသဘာဝကို ဖော်ပြနေပါတယ်။
အပြစ်တင်စွပ်စွဲ
ရောဂါကူးစက်မှုစတင်ဖြစ်ပွားတဲ့ အစောပိုင်းမှာ မစ္စတာဂျွန်ဆင်ရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ အထူးသဖြင့် ဥရောပအိမ်နီးချင်းနိုင်ငံတွေက တင်းကျပ်တဲ့ စည်းကမ်းလမ်းညွှန်ချက်တွေ စတင်လုပ်ဆောင်လိုက်ပြီးတဲ့ နောက်မှာ မှ ဗြိတိန်ကို လော့ခ်ဒေါင်းချတာတွေ၊ စည်းကမ်းလမ်းညွှန်ချက် ထုတ်ပြန်ခဲ့တာတွေအတွက် ၎င်းရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်။ အတိုက်အခံ အလုပ်သမား ပါတီခေါင်းဆောင် ကိရာ စတာမာက အစိုးရအဖွဲ့ဟာ အချိန်လွန်မ ှလော့ခ်ဒေါင်းချတယ်၊ အချိန်လွန်မှ ဗိုင်းရပ်စ် စစ်ဆေးမှုတွေလုပ်တယ်၊ အချိန်လွန်မှ အကာအကွယ်ဝတ်စုံတွေ၊ ကိရိယာတွေ ထုတ်ပေးတယ်ဆိုပြီး ပြစ်တင်စွပ်စွဲလျက်ရှိ ပါတယ်။
အမြန်ဆုံး ရှင်းပြနိုင်ဖို့လို
ဝန်ကြီးချုပ်အနေနဲ့ ပြိုလဲသွားတဲ့ နိုင်ငံ့စီးပွားရေးကို ဘယ်လိုပြန်ပြီး ဦးမော့လာအောင်လုပ်မယ်၊ ဗိုင်းရပ်စ်ပျံ့နှံ့ တာကို တစ်ဖက်က ထိန်းချုပ်ဖို့လုပ်နေရင်း တစ်ဖက်က စီးပွားရေး ဘယ်လိုပြန်လည်ပတ်မယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုစီစဉ်နေသလဲဆိုတာ တွေကို အမြန်ဆုံး ရှင်းပြနိုင်ဖို့လိုလိမ့်မယ်လို့ ၎င်းက ပြောပါတယ်။
တောင်းဆိုမှုများပြား
ဗြိတိန်တစ်နိုင်ငံလုံး ဆင်အထွက်၊ အသွားအလောကန့်သတ်ပိတ်ဆို့ထားမှုကို မတ်လ ၂၃ ရက်က စတင်ချထားခဲ့ပြီး ပြီ ၁၆ ရက်မှာ အချိန်ထပ်တိုးခဲ့ပါတယ်။ လာမယ့် မေ ၇ ရက် မှာတော့ ဒီကိစ္စကို ပြန်လည်စဉ်းစား သုံးသပ်ရမှာ ဖြစ်ပါတယ်။ အခုခါမှာတော့ လက်ရှိလုပ်ဆောင်ထားတဲ့ လော့ခ်ဒေါင်းချမှု ကနေ ပြန်ထွက်မယ့် နည်းဗျူဟာအစီအမံ တစ်ရပ်ကို တောင်းဆိုမှုပိုများလာနေပါတယ်။ စည်းကမ်းလမ်းညွှန်ချက် ထုတ်ပြန် တာတွေ ဘယ်တော့ ရုပ်သိမ်းမလဲဆိုတာနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ခန့်မှန်းပြောဆို မှုတွေကို အစိုးရအဖွဲ့ ဝန်ကြီးတွေက ငြင်းဆန် ထားပါတယ်။
သေချာပေါက်မပြောနိုင်သေး
ပြီးတော့ဗြိတိန်ဟာ ကပ်ရောဂါကျရောက် ရဲ့ အရှိန်အမြင့်ဆုံးကာလကို ကျော်လွန် သွားပြီလားဆိုတာကို ကျွမ်းကျင်သူတွေ ကတောင် သေချာပေါက်မပြောနိုင်သေးဘူးလို့ ၎င်းတို့က ဖြေရှင်းချက်ပေးထားပါတယ်။ ကပ်ရောဂါဖြစ်ပွားမှုရဲ့ နေက်ဆက်တွဲ ဖြစ်တဲ့ စီးပွားရေးထိခိုက်မှုက ပိုပြီးဆိုးလာတဲ့ အတွက် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ အာဏာရ ကွန်ဆာဗေးတစ်ပါတီ အပါအဝင် ပြည်သူတစ်ရပ်လုံးက ရှေ့ဆက်မယ့် အစီအမံ တွေကို ပိုပြီး ရှင်ရှင်းလင်းလင်း သိခွင့်ရဖို့ လိုလားနေကြပါပြီ။
ပိတ်ဆို့မှု ချမှတ်ထားပေမယ့်လည်း စီးပွားရေးလုပ်ငန်းတချို့ ပြန်ဖွင့်ဖို့ စလုပ် နေပြီဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ခက်ခဲကြားမှာ သတ္တိရှိရှိနဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တစ်ခုကိုပြသဖို့လိုအပ်နေပြီလို့ ကွန်ဆာဗေးတစ်အကြီး အကဲဟောင်း ဒန်ကန် စမစ်က ပြောကြားခဲ့ပါတယ်။ ။
အေအက်ဖ်ပီ