စင်ကာပူ ၂ ဇွန်
ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ရင်ဆိုင်ခဲ့ရပြီးနောက်တွင် စင်ကာပူနိုင်ငံက ပြည်ပလုပ်သားများအပေါ် မှီခိုအားထားမှုကို နည်းနိုင်သမျှနည်းအောင် လျှော့ချသွားမည့် နည်းလမ်းများကို ရှာဖွေလျက်ရှိပြီး ကပ်ရောဂါနောက်ပိုင်းတွင် လည်ပတ်မည့် နိုင်ငံ့စီးပွားရေး လုပ်ငန်းအချို့တွင် လူအစား အလိုအလျောက် စက်ကိရိယာများ သုံးစွဲမှုကို အရှိန်အဟုန်မြင့်တင်ရန် ကြိုးပမ်းလျက် ရှိကြောင်းသိရသည်။
လူကိုယ်တိုင် ထပ်ကာတလဲလဲ လုပ်ဆောင်ရမှုများ နည်းသည်ထက်နည်းလာသင့်ပြီး တူညီသော အလုပ်ကို ထပ်တလဲလဲ လုပ်ဆောင်ရသည့်နေရာများတွင် အလိုအလျောက် လုပ်ဆောင်နိုင်စွမ်းရှိသည့် စက်ကိရိယာများကို အစားထိုးသင့်ကြောင်း၊ ထို့ပြင် ဒေသခံပြည်သူလူထုအနေဖြင့် ပိုမိုအရေးပါသည့် ဖြည့်စွက်လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်လာမည်ဖြစ်ကြောင်း စင်ကာပူ ဘဏ္ဍာရေး ဒုတိယဝန်ကြီး အင်ဒရာနီရာဂျာက ဇွန် ၁ ရက် တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။
သို့ရာတွင် လူအားဖြင့် လည်ပတ်လုပ်ဆောင်နေမှု အားလုံးကို ချက်ချင်းပြောင်းပစ်ရန် အဆင်မပြေသည့်အတွက် ကျွန်ုပ်တို့အနေဖြင့် သတိရှိစွာ တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းချင်း ပြောင်းလဲသွားရန်လိုကြောင်း အင်ဒရာနီရာဂျာက ပြောကြားသည်။ စင်ကာပူနိုင်ငံအနေဖြင့် အခြေခံ အဆောက်အအုံစနစ်ကို ပြန်လည်ပြင်ဆင်ရေးဆွဲမည်ဖြစ်ပြီး သန့်စင်စွမ်းအင်၊ ပြည်သူ့ကျန်းမာရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ကဏ္ဍတို့တွင် အဓိကထားလျက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကပ်ရောဂါ၏ နောက်ဆက်တွဲ ထိခိုက်မှုများကို ရင်ဆိုင်ရလျက်ရှိသော်လည်း နိုင်ငံတကာ ငွေကြေးအရင်းအမြစ်များကို ဆက်လက်ရရှိနိုင်ပြီး သန့်စင်စွမ်းအင် စီမံကိန်းများကို ကူညီအားပေးရန် စိတ်အားထက်သန်မှုရှိကြောင်း ၎င်းကပြောကြားခဲ့သည်။
ဘန်ကောက်ပို့စ်