မော်လမြိုင် ၆ ဇန်နဝါရီ
ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ်၊ (၈၁)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ သံလွင်ဥယျာဉ်၌ ကျင်းပခဲ့ကြောင်း ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။

အခမ်းအနားတွင် (၈၁)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကျင်းပရေး သဘာပတိဥက္ကဋ္ဌ ဦးစောအောင်ကျော်သိန်းက ရှေ့ဘိုးဘေး ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကိုဆပ်သည့် အနေဖြင့် ကရင်လူမျိုးများတို့၏ အသက်သွေးကြောဖြစ်သော စာပေ၊ ဘာသာစကား၊ ဓလေ့ရိုးရာ ထုံးတမ်းများကို စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်သွားဖို့ ကရင်တစ်မျိုးသားလုံး၏ တာဝန်ဖြစ်ပါကြောင်း၊ ကရင်လူမျိုးများ အနာဂတ်ဘဝ သာယာလှပဖို့ ကရင်လူငယ်မျိုးဆက်သစ်များ ပခုံးပြောင်းတာဝန် ယူရမည့်ဖြစ်သည့်အတွက် မိဘဘိုးဘေးများ အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် အစဉ်အလာကောင်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုများ ပြုလုပ်ကာ ခေတ်ကာလနှင့်အညီ မျှော်မြင်တွေးခေါ်ပြီး ကရင်တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝကို မြှင့်တင်၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ မျိုးဆက်သစ် အင်အားတစ်ရပ်အဖြစ် ကရင်လူငယ်မောင်မယ်များ မလွဲမသွေ ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူး သဝဏ်လွှာကို ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ဖတ်ကြားပြီး ကရင်အမျိုးသားအစည်းအရုံး KNU မှပေးပို့သော သဝဏ်လွှာကို ဖဒိုစောအယ်ဒါးက ဖတ်ကြားသည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က (၈၁)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ နှုတ်ခွန်းဆက်စကား ပြောကြားပြီး မွန်ပြည်နယ် (၈၁)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ စောအောင်ကျော်ဆန်းက ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားများကို မွန်ပြည်နယ် (၁၀)မြို့နယ်များတွင်လည်း စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
MDN
