ကရင်လူမျိုးတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ရိုးရာဓလေ့ပွဲတော်များ

ခန့်ကိုကို(မြန်မာစာ)

 

ကရင်လူမျိုးတို့တွင် ယုံကြည်ကိုးကွယ်မှုအနေဖြင့် သဘာဝဓမ္မနှင့် နတ်အမျိုးမျိုးကို ကိုးကွယ်ပူဇော်ကြသည်။ ကရင်လူမျိုးတို့၌ တွေ့ရသော ဘာသာတရားများမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ တလာကူရသေ့ဘာသာ၊ လဲကယ်ဘာသာ၊ မေတ္တာဗြဟ္ဗစိုရ်ဘာသာတို့ ဖြစ်သည်။

 

ဗုဒ္ဓဘာသာသည် ကရင်လူမျိုးများအတွင်းသို့ အစောဆုံးဝင်ရောက်လာသည်ဟု ယူဆနိုင်သည်။ သို့သော် မည်သည့်အချိန်မှ စတင်ကိုးကွယ်လာခဲ့သည်ကို တိတိကျကျ မပြောနိုင်သော်လည်း အေဒီလေးရာစုခန့်ကပင် ဗုဒ္ဓဝါဒကို လက်ခံကြသည်ဟု ဆိုသည်။ သုဝဏ္ဏဘူမိ(သထုံ) ကောင်းစားစဉ်ကတည်းက မွန်တို့နှင့် ခေတ်ပြိုင်ရေးသားထားခဲ့သော ပေစာများ၊ လက်ဆင့်ကမ်းသီဆိုလာခဲ့ကြသော ရှေးကဗျာလင်္ကာ အထောက်အထားများအရ ကရင်နှင့် မွန်တို့သည် ဗုဒ္ဓဝါဒကို တစ်ချိန်တည်း တစ်ပြိုင်တည်း ရရှိလာကြသည်ဟုဆိုသည်။

 

ခရစ်ယာန်ဘာသာတွင်မူ ကရင်လူမျိုးများအနက် ခရစ်ယာန်သမ္မာကျမ်းကို ပထမဦးဆုံး ဖတ်ရှုပြီး ခရစ်တော်၏ ဟောကြားဆုံးမသော တရားဓမ္မများကို သက်ဝင်ယုံကြည်သည့် ပထမဆုံး ခရစ်ယာန်အဖြစ်သို့ ကူးပြောင်းခဲ့သူမှာ ဦးသာဖြူဖြစ်သည်။ ဦးသာဖြူသည် စကောကရင်ဖြစ်ပြီး အမေရိကန် နှစ်ခြင်းသာသနာပြုခေါင်းဆောင် ဒေါက်တာဂျပ်ဆင်၏ တပည့်ဖြစ်ပြီး ဆရာကြီးဂျပ်ဆင် ဘာသာပြန်ဆိုထားသော ခရစ်ယာန်သမ္မာကျမ်းစာကို စတင်ဖတ်ရှုခဲ့ရသည်။ ဦးသာဖြူသည် ၁၈၂၈ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ထားဝယ်မြို့၌ နှစ်ခြင်းမင်္ဂလာခံယူ၍ နှစ်ခြင်းခရစ်ယာန် ဘာသာဝင်ခဲ့သည်။ ထိုအချိန်မှစ၍ ကရင်လူမျိုးများအတွင်း ခရစ်ယာန်ဘာသာ ပြန့်ပွားခဲ့သည်။

 

 

လဲကယ်ဘာသာသည် အရှေ့ပိုးကရင် လူမျိုးအချို့ ကိုးကွယ်သောဘာသာတစ်ခုဖြစ်သည်။ ယင်းဘာသာဝင်များသည် ရုပ်တု၊ ရုပ်ပွား၊ စွယ်တော်နှင့် ပုထိုးတော်တို့ကို ကိုးကွယ်ရှိခိုးခြင်းမရှိသည့်အပြင် ဘုန်းကြီးရဟန်းမရှိဟူ၍ ယူဆကြသည်။ အာရိယဘုရားလောင်းအား ကိုးကွယ်ကြသည်။

 

ဗြဟ္မစိုရ်ဂိုဏ်းမှာ ခရစ်ယာန်တရားတော်၊ ဗုဒ္ဓအယူဝါဒနှင့် ကရင်ရိုးရာဓလေ့များ ပေါင်းစပ်ထားသာ အယူဝါဒဂိုဏ်းဖြစ်သည်ဟု သိရသည်။ တောင်ပေါ်ဒေသတွင်ရှိသော ကရင်လူမျိုးများသည် ထူးဆန်းသော အသွင်သဏ္ဌာန်ကိုဆောင်သည့် ကျောက်ဆောင်၊ ကျောက်တုံးကြီးများ၊ သစ်ပင်ကြီးများ၊ ရေအိုင်ကြီးများတွေ့လျှင် ပန်းတင်ခြင်း၊ ပူဇော်ပသခြင်းများ ပြုတတ်ကြသည်။

 

မြစ်ဝကျွန်းပေါ်ဒေသရှိ အနောက်ပိုးကရင်များသည် ခရစ်ယာန်ဘာသာကို အများဆုံးကိုးကွယ်ကြကြောင်း တွေ့ရသည်။ ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများလည်း လူနည်းစုရှိကြောင်း တွေ့ရသည်။ ခရစ်ယာန်ဘာသာဝင်များသည် နတ်စားခြင်း၊ နတ်ကိုးကွယ်ခြင်းများ မပြုလုပ်ပေ။ ဗုဒ္ဓဘာသာ ကိုးကွယ်သော ကရင်များမှာမူ နတ်စားသော အလေ့ရှိကြောင်း တွေ့ရသည်။

 

ကရင်လူမျိုးတို့သည် ဘာသာရေးနှင့် ရိုးရာဓလေ့ပွဲများကို ရာသီအလိုက် ကျင်းပလေ့ရှိကြသည်ကို တွေ့ရသည်။ ပြာသိုလဆန်း ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် နေရာအနှံ့ အပြား၌ ကျင်းပကြသည်။ တပို့တွဲလတွင် အိမ်သစ်တက်ပွဲ၊ ကဆုန်လတွင် ရောဂါဘယများ ကျရောက်တတ်သည်ဟု ယုံကြည်ကြ၍ ဘုရားကိုရည်စူးကာ သဲပုံစေတီတည်ပြီး ဆွမ်းခွက်တစ်ထောင်၊ သောက်တော်ရေတစ်ထောင်၊ ပန်းပွင့်တစ်ထောင်နှင့် ဆွမ်းတော်တင်ကာ ပွဲတော်ကျင်းပကြောင်း တွေ့ရှိရသည်။

 

 

ဝါခေါင်လတွင် လက်ချည်လိပ်ပြာခေါ်ပွဲများ ကျင်းပကြောင်း သိရသည်။ ပြာသိုလမှ တန်ခူးလအထိ ရေအိုးစင်တည်၍ ရေအိုးစင် ပွဲတော်အလှူဒါနများကို ကျင်းပကြသည်။ တန်ခူးလတွင် ဗုဒ္ဓဘာသာဝင် ပိုးကရင်များသည် နှစ်သစ်ကူးအတာပွဲတော်နှင့် ဘုရားပွဲများ ကျင်းပကြသည်။

 

ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ပွဲတော်တစ်ခုအဖြစ် အရိုးကောက်ပွဲကျင်းပကြောင်း တွေ့ရသည်။ အရိုးကောက်ပွဲဆိုသည်မှာ လူသေလောင်းကို မီးသင်္ဂြိုဟ်ပြီး ကျန်ရှိသော အရိုးများကိုကောက်ကာ သေသူ၏ ဆွေမျိုးများက နောက်ဆုံးအနေဖြင့် အစားအသောက်များဖြင့် ပြုစုခြင်း၊ အရိုးရေစက်ချခြင်းများ ပြုလုပ်ကြသည်။ အရိုးကောက်ပွဲများကို တပို့တွဲလပြည့်ကျော်မှစ၍ ပြုလုပ်ကျင်းပကြသည်။ တပေါင်းလတွင် လဆန်းရက်များ၌ မပြုလုပ်ဘဲ လပြည့်ကျော်မှ ပြုလုပ်တတ်သည်။ တန်ခူးလကို အများအားဖြင့် ရှောင်ကြဉ်ကြသည်။ အရိုးကောက်ပွဲများကို ကဆုန်လတွင် အများဆုံးပြုလုပ်ကြသည်။

 

ကရင်လူမျိုးတို့သည် ရိုးသားဖြူစင်ကြသူများဖြစ်သည်။ တိုင်းရင်းသားမျိုးနွယ်စုဖြစ်သည့် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုရိုးရာဓလေ့တို့ကို လေ့လာထားခြင်းသည် တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးမှုများ ရရှိလာစေမည်ဖြစ်သည်။ သို့ဖြစ်၍ ကရင်တိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ရိုးရာဓလေ့ပွဲတော်များကို လေ့လာမှတ်သားတင်ပြခြင်း ဖြစ်ပါသည်။