ကြို့ပင်ကောက် ၄ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ မှန်ပင်ထူးအုပ်စု လက်ပံဖြူကျေးရွာ အမက ကျောင်းဝန်းအတွင်း ကရင်နှစ်ကူး အကြိုကရင်စာပေပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် စတင် ကျင်းပပြုလုပ်ခဲ့သည်။
စာပေပြိုင်ပွဲတွင် ကရင်တိုင်းရင်းသူလေးများက ကရင်ဒုံးယိမ်းအကဖြင့် ကပြဖျော်ဖြေ၍ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ထွဋ်မှ အဖွင့်အမှာစကား ပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစီမောင်က ကရင်စာပေပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆရာမနော်လယ်အယ်ဦးဆောင်သော ဆရာမနှစ်ဦးက ကြီးကြပ်၍ မြို့ကိုင်းကျေးရွာ၊ ညောင်ပင်အိုင် ကျေးရွာနှင့် လက်ပံဖြူကျေးရွာတို့မှ ကရင်တိုင်းရင်းသားတိုင်းရင်းသူ ၃၀ က ကရင်စာပေ ရေးဖြေပြိုင်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ကရင်နှစ်သစ်ကူးပွဲတော်တွင် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)
