ဘားအံ နိုဝင်ဘာ ၁၂
ကရင်အမျိုးသားတို့၏ မျိုးချစ်စိတ်ဓာတ်ဖြင့် အစဉ်အဆက်ထိန်းသိမ်းလာခဲ့သော သမိုင်းဝင်နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သည့် ပြာသိုလဆန်းတစ်ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ သီရီကွင်းအတွင်း၌ အနှစ်သာရ ပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၁ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက “ကရင်အမျိုးသား အလံတင်အခမ်းအနား၊ ကရင်နှစ်သစ်ကူးနေ့အခမ်းအနား၊ ဖီးဗူးယော်ကောက်သစ်စားပွဲ အခမ်းအနားတို့ကို ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူအားလုံးကို ကရင်ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံနိုင်ရေး စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပြခန်းများဖွင့်လှစ်ပြသ၍ ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ကရင်ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထင်ဟပ်ပေါ်လွင်အောင် အကျယ်တဝင့် ခင်းကျင်းပြရန် လိုကြောင်း၊ အားကစားပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများကိုလည်း ထည့်သွင်း ဆောင်ရွက်ဖို့လိုကြောင်း” စသည်ဖြင့် လမ်းညွှန်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများက ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးကြပြီး အထောက် အကူပြုလုပ်ငန်းကော်မတီ(အတွင်းရေးမှူး)များက သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)