တောင်ငူ၊ ၁၂ ဇန်နဝါရီ
၂၀၂၁ ခုနှစ် ဇန်နဝါရီ (၁၃) ရက်တွင် ကျရောက်သည့် ကရင်သက္ကရာဇ် (၂၇၆၀) နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့အတွက် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်းရှိ မြို့နယ် (၆)မြို့နယ်၌ နှစ်သစ်ကူးပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျေးရွာအဆင့် စီစဉ်ကျင်းပပြုလုပ်သည့် တစ်မြို့နယ်လျှင် ရန်ပုံငွေကျပ် ၁၂ သိန်းခွဲ ထောက်ပံ့ ပေးအပ်ခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေး တက်ရောက် ပေးအပ်သည်။
ထောက်ပံ့ပေးအပ်ရာ၌ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေး က တောင်ငူခရိုင်အတွင်း ကရင်နှစ်သစ်ကူးနေ့ကို ကျေးရွာအဆင့်ပြုလုပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေမှ ထောက်ပံ့ငွေများကို မြို့နယ်အလိုက် နှစ်သစ်ကူးပွဲတော်ကျင်းပမည့် ကျေးရွာအဆင့် တာဝန်ခံများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)


