မော်လမြိုင် ၅ ဇန်နဝါရီ
ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင်ကျရောက်မည့် ကရင်နှစ်သစ်ကူး ပွဲတော်အား မွန်ပြည်နယ်အတွင်းရှိနေရာ ၇၀ ကျော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ သိရှိရသည်။
ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်ပြီး ကရင်တိုင်းရင်းသားများ၏ မျိုးချစ်စိတ် ထက်ထက် သန်သန်ဖြင့် ပိုမိုလုပ်ချင်ကိုင်ချင်စိတ် များလာသည့်အပြင် ပိုမိုလုပ်ကိုင်နိုင်လာခြင်းကြောင့် ယခုနှစ်တွင် နေရာများစွာ၌ ကျင်းပပြုလုပ်လာနိုင်ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။
"ကျွန်တော်တို့နဲ့တွဲပြီး ကျင်းပတာ ၄၃ နေရာ၊ သူတို့အစီအစဉ်နဲ့သူတို့လုပ်တာက နေရာပေါင်း ၃၀ လောက် စာရင်းပေးထားတာရှိတယ်။ ဒီနှစ်ကတော့ ကျင်းပတဲ့အနေအထားက ပိုပြီးစည်ကားလာပါတယ်။ ဒီလိုပွဲတွေကလည်း ကရင်တိုင်းရင်းသားတွေ ပိုပြီးစည်းလုံးညီညွတ်လာဖို့၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ပိုပြီးထိန်းသိမ်းလာနိုင်ဖို့ပါ။ ဒီနေ့ဆိုတာကလည်း နိုင်ငံတော်ကနေပြီး တရားဝင်သတ်မှတ်ပေးထားတဲ့နေ့ပါ။ ကျင်းပလာခဲ့တာ ဆိုရင်လည်း အကြိမ်ပေါင်း ၈၀ ကျော်လာပါပြီ။ ဒီပွဲက တစ်နှစ်တာလုပ်ငန်းပြီးတဲ့အချိန်မှာ နောက်တစ်နှစ်အတွက် ဘာလုပ်မယ်ဆိုတာကို အစီအစဉ်ချတဲ့ပွဲဖြစ်ပါတယ်''ဟု ဆိုသည်။
ယခုနှစ်သစ်ကူးပွဲတော်သည် ကရင်တိုင်းရင်းသားများ၏ ရိုးရာအစဉ်လာပွဲတော်တစ်ခုသာမက အခြားအကျိုး ကျေးဇူးများစွာ ရရှိစေသော ပွဲတော်တစ်ခုဖြစ်သောကြောင့် ကရင်တိုင်းရင်းသားများ တည်ရှိနေသမျှ ကာလပတ်လုံး နောင်နှစ်ပေါင်းများစွာ ဆက်လက်ကျင်းပသွားရန်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ကရင်နှစ်သစ်ကူးပွဲတော်အား ကျေးရွာ ၆၂ ရွာ၊ မြို့နယ်အဆင့် ၉ ခု၊ ပြည်နယ်အဆင့် ၁ ခု ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အဆင့် ကျပ်သိန်း ၁၀၀၊ မြို့နယ်အဆင့် ကျပ် ၂၅ သိန်း၊ ကျေးရွာအဆင့် ၅ သိန်းကျပ် ပံ့ပိုးပေးပြီး ဆုချီးမြှင့်ငွေနှင့် အထွေထွေအသုံးစရိတ်များအပါအဝင် စုစုပေါင်းငွေကျပ်သိန်း ၅၁၀ အား ပံ့ပိုးကူညီထားကြောင်း သိရသည်။
ကရင်နှစ်သစ်ကူးနေ့အခမ်းအနားတွင် ဒုံးယိမ်းအကပြိုင်ပွဲများ၊ ကောက်သစ်စားပွဲ၊ စပါးလိပ်ပြာခေါ်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာလက်ဝှေ့ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ၁၀ မြို့နယ်လုံးတွင် ကရင်တိုင်းရင်းသားများ နေထိုင်မှုရှိသော်လည်း ဘီးလင်းနှင့် သထုံမြို့ နယ်တွင် အများဆုံးဖြစ်ကာ တစ်ပြည်နယ်လုံးတွင် ကရင်တိုင်းရင်းသားလူဦးရေ ၃ သိန်းကျော်ရှိကြောင်း ၂၀၁၄ ခုနှစ်တွင် ကောက်ယူသော သန်းခေါင်စာရင်းအရ သိရသည်။
ဇင်မျိုးသူ
