ကရင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ သံဃာတော်/သီလရှင်အပါး (၅၀၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ

ဘားအံ  ၃၀   နိုင်ဝင်ဘာ

 

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် စေတနာရှင် ပြည်သူများမှ ပူးပေါင်းကျင်းပသည့် သံဃာတော်/သီလရှင်အပါး(၅၀၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီခွဲက ဘားအံမြို့ လေယာဉ်ကွင်း၌ ကျင်းပသည်။

 

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေမြင့်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်း၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ ဒေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်နှင့်တောင်တန်း ဒေသသာသနာ့နုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဇေကမ္ဘာ ဦးခင်ရွှေ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့မိ၊မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညောင်ရွှေမြို့ မိုင်းသောက် စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုမင်္ဂလ(အဘိဓဇမဟာရဋ္ဌဂုရု) အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး  ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များနာယူကြည်ညိုကြကာ သာသနာရေး နှင့် ယာဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မွန်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးမင်းတင်ဝင်းတို့က က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေး‌ဝေခဲ့ကြသည်။

 

ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုကျင်းပရာ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီးနန်းကြင်ကြည်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အမှူးပြုသော စေတနာရှင်ပြည်သူများ၊ ကယားပြည်နယ်အစိုးရအဖွဲ့အမှူးပြုသော စေတနာရှင်ပြည်သူများ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် အမှူးပြုသော စေတနာရှင်များ၊ မွန်ပြည်နယ် အစိုးရအဖွဲ့အမှူးပြုသော စေတနာရှင်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ ပြည်နယ်အတွင်းရှိ မြို့နယ်များမှကြွရောက်တော်မူကြသော သံဃာတော်/သီလရှင်အပါး(၅၀၀၀)အား သာသနာအကျိုးမျှော်ကိုး၍ လှူဖွယ်ဝတ္ထုနှင့် ဆွမ်းဆန်စိမ်းတို့ကို စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)