ဘားအံ၊ ၃ ဇွန်

ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်မှစ၍ တစ်ပြိုင်တည်းပြန်လည်ဖွင့်ခဲ့ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ပညာရေးမှူး ဦးငွေစိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇွန် ၂ ရက် နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အခြေခံပညာထက်တန်းကျောင်းများသို့ သွားရောက်ကာ သင်ကြားသင်ယူနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ဆရာ/မများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဘာအံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ရာ ကျောင်းများ၌ ကိုဗစ်-၁၉ ဆိုင်ရာ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့်  Face Shield နှင့် Mask များ၊ ကျောင်းသုံး ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများ အသုံးပြု၍ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ကျောင်းသင်ခန်းစာများတွင် အတန်းစုံ သင်ကြားသင်ယူမှု ဆောင်ရွက်နေသည့် အခြေအနေများ၊ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ရေ၊ မီး၊ အဆောက်အဦနှင့် ပရိဘောဂများ ပြည့်စုံလုံလောက်မှု ရှိ/မရှိအခြေအနေများ၊ ကျောင်းနှင့် ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သန့်ရှင်းရေးဆိုင်ရာကိစ္စရပ်များ၊ ကစားကွင်းနှင့် အားကစားပစ္စည်းများ ထောက်ပံပေးနိုင်ရေးကိစ္စရပ်များကို လှည့်လည်ကြည့်ရှုခဲ့ပြီး အခြေခံပညာကျောင်းများအတွက် အထွေထွေပြင်ဆင်စရိတ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တောင်တန်းသာသနာပြုဗဟိုကျောင်း အစိုးရ ဓမ္မစရိယစာမေးပွဲ ဘားအံစာစစ်ဌာနတွင် ရဟန်းသံဃာနှင့်သီလရှင် စုစုပေါင်း ၅၂ ပါး စာဖြေနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ကြီးကြပ်ဆရာတော် နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် ဘဒ္ဒန္တဝိဇ္ဇာနန္ဒ (မဟာဂန္တဝါစကပဏ္ဍိတ)ထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)