ဘားအံ၊ ၃ ဇွန်
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ အဖွဲ့ဝင် (၄) ဦးစောခင်မောင်မြင့်၊ အဖွဲ့ဝင် (၅) ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇွန် ၂ ရက် မွန်းလွဲပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ရေကျော် - လှိုင်းပုံ - လှာကမြင်လမ်းအား အကျယ် ၂၄ ပေသို့ လမ်းချဲ့ထွင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်နှင့် ဇွဲကပင်အားကစားကွင်းအနီး ဧရိယာအကျယ် ၂ ဒသမ ၈၉ ဧကရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန စုပေါင်းဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လှာကမြင်ကွက်သစ်ရှိ ဇွဲကပင် အားကစားကွင်းအား ပရိသတ် ၅၀၀၀ ဦးဆံ့ အဆင့်မြင့် အားကစားကွင်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ကြည့်ရှုစစ်ဆေးရာ အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အားကစားကွင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြေပြင်အနေအထားကို စိစစ်တိုင်းတာ၍ စီမံချက်ရေးဆွဲ ပြန်လည်တင်ပြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လှာကမြင်ကွက်သစ်နှင့် ဇွဲကပင် အားကစားကွင်းသို့ အဝင်/အထွက်လမ်းဖြစ်သော ဘားအံ - လှိုင်းဘွဲလမ်းနှင့် မြိုင်သာယာ - ပိန္နဲတော - လှာကမြင် မြို့သစ်လမ်းဆုံးတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် လမ်းဆုံမီးပွိုင့်တပ်ဆင်ရန် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


