ဘားအံ ၁  ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အထင်ကရ ဆံတော်ရှင်စေတီတော်ရှိရာ ဇွဲကပင်တောင်အား ကရင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ပထမအကြိမ် ဇွဲကပင်တောင်တက် တောင်ဆင်းပြိုင်ပွဲကို ယနေ့ နံနက် ၇ နာရီက ဇွဲကပင်အရှေ့ခြမ်းတောင်ခြေ၌ ပြုလုပ်ခဲ့သည်။

 

ပြိုင်ပွဲကို ဇွဲကပင်တောင်ခြေ သစ်ချရွာမှ စတင်တာလွှတ်ခဲ့ပြီး ဇွဲကပင်အနောက်ခြမ်း ဒုံရင်း၊ တော်ပုံကျေးရွာ လုံမ္ပနီဥယာဉ် ဈေးဆိုင်ခန်းရှေ့တွင် ပန်းဝင်ခဲ့ကြသည်။

 

အဆိုပါ ဇွဲကပင်တောင်တက်ပြိုင်ပွဲတွင် အသက်(၄၀)နှစ်အောက် အမျိုးသား ၅၇၈ ဦးနှင့် အမျိုးသမီး ၄၉၁ ဦး၊ အသက် (၄၀)နှစ်အထက် အမျိုးသား ၁၂၉ ဦးနှင့် အမျိုးသမီး ၁၅၆ ဦးတို့အား ပြိုင်ပွဲအမျိုးအစား၄ မျိုးခွဲ၍ ယှဉ်ပြိုင်စေပြီး ဆုကြေးများ အနေနဲ့  ပထမဆု ၁၅၀ဝ၀ဝ ကျပ်၊ ဒုတိယဆု ၁၂၅၀ဝ၀ ကျပ်၊  တတိယဆု ၁၀ဝ၀ဝ၀ ကျပ်၊ စတုထ္ထဆု ၉၀ဝ၀ဝ ကျပ်မှ ဒသမဆု ၃၀ဝ၀ဝ ကျပ်အထိ ၁၀ ဆုနှင့် သက်ကြီးဇွဲဆုများကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ငွေသားဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ကရင်ပြည်နယ်၏ ကျက်သရေဆောင် ဇွဲကပင်တောင်တက် တောင်ဆင်းပြိုင်ပွဲအား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစေရန်၊ သဘာဝ တောတောင်ရေမြေ  ထိန်းသိမ်းရေးကို  သိရှိနိုင်ဖို့၊ အားကစားလိုက်စားခြင်းကြောင့် ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းပြီး မူးယစ်ဆေးဝါး အန္တရာယ် ကင်းစင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပထအကြိမ် စတင်ကျင်းပခြင်းဖြစ်ပြီး နောင်နှစ်များတွင်လည်း ဆက်လက် ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဇွဲကပင်တောင်တက် တောင်ဆင်းပြိုင်ပွဲတွင် ကရင်ပြည်အတွင်းနှင့် မော်လမြိုင်၊ ရန်ကုန် စသည့် အခြားဒေသများနှင့် နိုင်ငံခြားသား ခရီးသွားများ အပါအဝင် ပြိုင်ပွဲဝင် ၁၃၅၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

နေမျိူးလွင်(ပြန်/ဆက်)