နေပြည်တော်   ၁၃  အောက်တိုဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ  ဒုတိယညွှန်ကြားရေးမှူး၊ ဦးစောထူးနှင့် အဖွဲ့ဝင်များသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့်  ကော့ကရိတ်မြို့နယ်အတွင်း သမိန်ဒွတ်-ခရင်းကျောက်ခင်းလမ်း (၂/၀)မိုင်၊ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၁၉ ဒသမ ၇၇၀)သန်းနှင့် တောင်ကြာအင်း(အထက) ဆရာ ဆရာမ တန်ဖိုးနည်းအိမ်ရာ (၁)လုံး ခွင့်ပြုရန်ပုံငွေကျပ်(၈ ဒသမ ၁၇၅)သန်းဖြင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုများအား အောက်တိုဘာ ၁၀ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် သမိန်ဒွတ်-ခရင်း (၁/၆)မိုင် အပြီးသတ်ကျောက်ခင်းလမ်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် (၅)ပေ Box Culvert (၃)စင်းတို့ကို ဆက်လက်တည်ဆောက် သွားမည်ဖြစ်သည်။ 

 

အဆိုပါ သမိန်ဒွတ်-ခရင်း-ကညင်ကတိုက်လမ်းမိုင်အရှည် (၁၆/၀)မိုင်ကို ဘဏ္ဍာရေးနှစ်အလိုက် ကျောက်လမ်းအဆင့်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ (၁၄/၂)မိုင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျောက်ခင်းလမ်း (၁/၆)မိုင်အား ဆက်လက် ဆောင်ရွက်ပါက (၁၆/၀)မိုင် အပြီးသတ် ကျောက်ချောလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတစ်ခုလုံး ပြီးစီးမည်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် လူမှု စီးပွား တိုးတက်ရေးအတွက် များစွာအထောက်အကူပြုသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် လာခြင်းကြောင့် ယာဉ်များ ရာသီမရွေးသွားလာနိုင်ပြီး မြို့ပြနှင့် ကျေးလက်လူမှုဆက်ဆံရေး အား ကောင်းစေ၍ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာစေကြောင်း ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး  ဒုတိယညွှန်ကြားရေးမှူး၊ ဦးစောထူးထံမှ သိရသည်။

ခင်ချိုဆင့်(ကော့ကရိတ်မြို့)