ကမမောင်း၊  ၃၀  ဇန်နဝါရီ

 

 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ  ၃၀ ရက် နံနက် ၉ နာရီခွဲက ကမမောင်းမြို့ အမှတ် (၄) ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း ဝိဇာတဓမ္မာရုံခန်းမတွင် ပုံမှန်ဝင်ငွေမရှိသော ထပ်တိုး အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့သည်။

 

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအခြေခံ လူတန်းစားများအား နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀ဝ၀ဝ) ထောက်ပံ့ရခြင်းကို ရှင်းလင်းပြောကြားပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်သော လမ်းညွှန်ချက်များကို လေးစားလိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

 

ထို့နောက် ကမမောင်းမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့်  အိမ်ထောင်စု (၄၁၁) စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀ဝ၀ဝ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၈၂၂၀ဝ၀ဝ ကျပ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

 

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကိုးနဝင်းဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဥူးကုသလအား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်သည့် ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးငယ်များအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (ပထမ)အကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

 

ထို့နောက် ကိုယ်ဝန်ဆောင်မိခင် ၄၈၇ ဦးနှင့် အသက် ၂ နှစ်အောက်ကလေးငယ် ၁၅၈၆ ဦး စုစုပေါင်း ၂၀၇၃ ဦးတို့အတွက် ထောက်ပံ့ငွေ ၈၉၇၀ဝ၀ဝ၀ ကျပ်ကို မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူထံပေးအပ်ခဲ့သည်။

 

 

လင်းသန့်သန့် (ပြန်/ဆက်)