ပိုင်ကျုံ ၂၇ ဇူလိုင်

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ သွားလာရေးပိုမိုအဆင်ပြေ လွယ်ကူစေရန်အတွက် မြို့ချောင်းကူးတံတားကြီးအား အကြီးစားပြင်ဆင်မှုလုပ်ငန်းများကို ဇွန် ၂၄ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့က ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်မျိုးတင့်နှင့် ကရင်ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာတို့က ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါချောင်းကူးတံတားသည် ပိုင်ကျုံမြို့ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်တို့ကို ဆက်သွယ်ထားပြီး အရှည် ၁၁၈၄ ဒသမ ၆ ပေရှိကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၅၀ဝ)ဖြင့် သံပြားကြမ်းခင်းလဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ တံတားပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်လျက်ရှိသော တံတားအထူးအဖွဲ့ အမှတ်(၁၄)မှ မြို့ပြအငယ်တန်းအင်ဂျင်နီယာ(၂) ဦးရဲမြင့်ထွန်းက ရှင်းလင်းတင်ပြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် လုပ်ငန်းများ သတ်မှတ်အချိန်မီ ပြီးစီးရေးအတွက် လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့သည်။ ပိုင်ကျုံချောင်းကူး တံတားကြီးအား လုပ်ငန်းများ ဆောင်ရွက်နေစဉ် မွန်းလွဲ ၁ နာရီခွဲမှ ည ၁ဝ နာရီခွဲအထိ ခေတ္တယာယီ ပိတ်ထားကြောင်း သိရသည်။

 

ထို့အတူ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပိုင်ကျုံမြို့ အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာ ချောင်းကူးတံတား တည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စောpဖိုး(ပြန်/ဆက်)