ဘားအံ   ဒီဇင်ဘာ   ၂၁

 

ကရင်ပြည်နယ်၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း PPTT (၇/၂၀၂၀) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက အဆိုပါကောလိပ် သီရိခန်းမ၌ ကျင်းပသည်။

 

မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး ဘားအံပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT (၇/၂၀၂၀)သို့ တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအား တစ်လလျှင် ငွေကျပ် သိန်း ၃၀ ဖြင့် သုံးလအတွက် ငွေကျပ် သိန်း ၉၀ ကို ထောက်ပံ့ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသား နှစ်ဦးက လက်ခံရယူပြီး ဘားအံပညာရေး ဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်မြင့်လှိုင်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် သင်တန်းသား၊ သင်တန်းသူများက ဒို့တာဝန်သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး  ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကား ပြောကြားကာ အခမ်းအနားတွင် သီဆိုဖျော်ဖြေသည့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြု ချီးမြှင့်ငွေ ကျပ် တစ်သိန်းကို ပေးအပ်သည်။

 

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း PPTT(၇/၂၀၂၀)သို့ ကရင်ပြည်နယ်ရှိ ဒေသခံ အမျိုးသား ၂၉ ဦးနှင့် အမျိုးသမီး ၁၇၀ စုစုပေါင်း ၁၉၉ ဦး တက်ရောက်လျက်ရှိကာ ပညာရေးဘာသာရပ် နှစ်ခု၊ သင်ပြနည်းဘာသာရပ် ငါးခု၊ ICT နှင့် ဖွံ့ဖြိုးရေးဘာသာရပ် ခြောက်ခုတို့ကို ယခင်သင်တန်းများ အတိုင်း သင်ရိုးကုန် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းအပြီးတွင် အခြေခံပညာကျောင်းများ၌ လက်တွေ့တန်းပြအနေဖြင့် ၄၅ ရက် သင်ကြားပြီးမှသာ သင်တန်းပြီးမြောက်မည်ဖြစ်ကြောင်း သိရသည်။

 

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၄/၂၀၂၁) ကြိမ်မြောက်နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၂၀ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့ရာ  ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ၏ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက “လယ်ယာမြေပေါ်တွင် အခြားနည်းအသုံးပြုခွင့်မရှိဘဲ ကျူးကျော်မြေဖို့ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ အဆောက်အအုံ ဆောက်လုပ်နေခြင်းများကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့်ဆင့်မှ ထိရောက်စွာ အရေးယူဆောင်ရွက်ရန်လိုကြောင်း၊ ခွင့်ပြုချက်မရှိဘဲ မြေအသုံးချနေမှုများသည် တရားမဝင်ဘဲ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့်မှ ကြပ်မတ်ကွပ်ကဲပေးဖို့လိုကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အခြားနည်း အသုံးပြုရန် လျှောက်ထားသူများအနေဖြင့် ဥပဒေနှင့်အညီ မြေလွတ် မြေရိုင်း ငှားရမ်းလုပ်ကိုင်ခွင့် လက်မှတ်ကိုသာ ရရှိမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်” ပြောကြားသည်။

 

ထို့နောက် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်များ စီမံခန့်ခွဲရေး ကော်မတီများ၏ အတွင်းရေးမှူး ဦးမင်းမင်းက  လယ်ယာမြေ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ  ပြည်နယ်ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)