(၁၈-၇-၂၀၁၉)

 

၁။    မြန်မာနိုင်ငံတွင် ပိုလီယိုအရိုင်းဗိုင်းရပ်စ်ပိုး (wild virus) ကို (၂၀ဝ၇)ခုနှစ်တွင်လည်းကောင်း၊ အသွင်ပြောင်းပိုလီယိုပိုးကို (၂၀၁၅)ခုနှစ်တွင်လည်းကောင်း နောက်ဆုံးတွေ့ရှိခဲ့ပါသည်။ (၂၀၁၄) ခုနှစ်၊ မတ်လတွင် ပိုလီယိုရောဂါပိုးကင်းစင်ကြောင်း ကြေငြာခဲ့ပါသည်။

 

၂။    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းကို တစ်နှစ်ထက်တစ်နှစ် လွှမ်းခြုံမှုမြင့်မားအောင်ဆောင်ရွက် ခြင်း၊ လတ်တလောပျော့ခွေအကြောသေရောဂါ (Acute Flaccid Paralysis-AFP) လူနာများတွင် ပိုလီယိုရောဂါပိုးရှာဖွေခြင်းကို အလေးထားဆောင်ရွက်ခြင်း၊ လိုအပ်ပါက အပိုဆောင်းကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်း(Supplementary Immunization Activities-SIA)များကို တစ်ပြည်လုံး အတိုင်းအတာဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့ပါသည်။

 

၃။    မြန်မာနိုင်ငံတွင် အကြောင်းကြောင်းကြောင့် ကာကွယ်ဆေးထိုးလုပ်ငန်းမလွှမ်းခြုံနိုင်သော မြို့နယ်(၄၃)မြို့နယ်ခန့်နှစ်စဉ်ရှိခဲ့ရာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် နေထိုင်သော လတ်တလော ပျော့ခွေအကြောသေရောဂါဖြစ်ပွားသူကလေး (၁)ဦးတွင် အသွင်ပြောင်းပိုလီယိုပိုးကူးစက်မှု တွေ့ရှိ ကြောင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရည်ညွှန်းဓာတ်ခွဲဌာန (အိန္ဒိယနိုင်ငံ)တို့မှ (၂၃-၆-၂၀၁၉)ရက်နေ့၌ အတည်ပြုသတင်းပေးပို့ခဲ့ပါသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာလုံးဆိုင်ရာပိုလီယိုပပျောက်ရေးအဖွဲ့ (Global Polio Eradication Initiatives- GPEI) မှ ကမ္ဘာ့နိုင်ငံများသို့ ချမှတ်ထားသောလုပ်ထုံးလုပ်နည်းနှင့်အညီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရောဂါကူးစက်ပျံ့နှံ့နိုင်ခြေများသော နေရာဒေသ/ လူအုပ်စုများရှိသော ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၂) မြို့နယ်တွင် အသွင်ပြောင်းပိုလီယိုပိုးကူးစက်မှုကို ဆောလျင်စွာ ဖြတ်တောက်ရန်ရည်ရွယ်၍ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်းကို စနစ်တကျပြုလုပ်လျက်ရှိပါသည်။

 

၄။    ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် မွေးကင်းစမှအသက်(၁၅)နှစ်အထိကလေးများနှင့် ကရင် ပြည်နယ်(ဖားအံမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံတောင်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြဝတီ မြို့နယ်နှင့် ကော့ကရိတ်မြို့နယ်)၊ မွန်ပြည်နယ် (သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်နှင့် ကျိုက်ထို မြို့နယ်)နှင့် ပဲခူးတိုင်းဒေသကြီး (ကျောက်ကြီးမြို့နယ်နှင့်ရွှေကျင်မြို့နယ်)များတွင် မွေးကင်းစမှ (၅)နှစ်အထိ ရည်မှန်းကလေး စုစုပေါင်း(၃)သိန်းခန့်ကို ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေး သွားမည်ဖြစ်ပါသည်။

 

၅။    ပိုလီယိုကာကွယ်ဆေးကို ယခင်က တိုက်ကျွေးဘူးသည်ဖြစ်စေ၊ မတိုက်ဘူးသည်ဖြစ်စေ ရည်မှန်းကလေးတိုင်းကို အပိုဆောင်းကာကွယ်ဆေး (၂)ကြိမ်ထပ်မံ၍ တစ်ကြိမ်နှင့် တစ်ကြိမ် (၂)ပတ်ခြား တိုက်ကျွေးမည်ဖြစ်ပါသည်။

 

၆။    အိမ်တိုင်ရာရောက် ကောက်သင်းကောက် ပိုလီယိုကာကွယ်ဆေးလာရောက်တိုက်ကျွေးမည့် အစီအစဉ် (Mopping up) တွင် မိဘပြည်သူများက မိမိတို့၏ကလေးများနှင့်အတူ နေအိမ်တွင် စောင့်ဆိုင်းနေခြင်း၊ စုရပ် (EPI fixed and outreach EPI posts) များတွင် တိုက်ကျွေးမည့်အစီအစဉ် တွင် စုရပ်သို့ လာရောက်တိုက်ကျွေးခြင်းများ ပြုလုပ်နိုင်ရန် ကြိုတင်အသိပေးအပ်ပါသည်။

 

mdn

 

သတင်းစဉ်