စုကလိ ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မဲကုလားကျေးရွာအုပ်စု၊ ဆုံဆည်းမြိုင်ကျေးရွာတွင် ပဲတီစိမ်းသီးနှံ စိုက်ပျိုးမှုမှ ယခုနှစ်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပဲတီစိမ်းကို ပြောင်းစိုက်ရာသီပြီးလျှင် သီးသန့်စိုက်ပျိုးသကဲ့သို့ ပြောင်းစိုက်ခင်းများတွင်လည်း သီးညှပ်စိုက်ပျိုးကြသည်။ ပဲတီစိမ်းစိုက်ပျိုးရာတွင် ကုန်ကျစရိတ်နည်းပြီး ပဲဈေးကောင်းလျှင် ပိုမိုအကျိုး အမြတ် ရရှိသဖြင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်ခုဖြစ်ပြီး ပဲတီစိမ်းကို ဝါခေါင်းလဆန်း၌ စတင် စိုက်ပျိုးရာတွင် ပြောင်းစိုက်ပျိုးမှုပေါ်မူတည်ပြီး မိုးလေဝသအခြေအနေရ မိုးရွာစောပါက စောစောစိုက်ပျိုးလျှင် အောင်မြင်ဖြစ်ထွန်းမှုပို၍ ရရှိပြီး ပဲများ ပိုးကျရောက်မှုလည်း နည်းပါးသည်။
စိုက်ပျိုးရေးဉီးစီးဌာနမှလည်း ကွင်းဆင်း၍ အသိပညာပေးသဖြင့် နည်းစနစ်တကျစိုက်ပျိုးမှုကြောင့် ယခင်နှစ် (၁)ဧက (၁)တင်းခွဲ စိုက်ရပြီး ယခုနှစ်တွင် (၆)ပြည် သို့မဟုတ် (၈)ပြည်အများဆုံးသာ စိုက်ပျိုးရခြင်းကြောင့် ကုန်ကျစရိတ် သက်သာ၍ ပဲများလည်း ပိုမိုဖြစ်ထွန်းလျက်ရှိသည်။ ယခုနှစ် (၁)ဧက အထွက်နှုန်းမှာ (၂၀)တင်းလောက်သာ ထွက်ရှိပြီး ယခုနှစ်တွင် (၁)ဧက အထွက်နှုန်း ခန့်မှန်း(၄၅)တင်း ရှိမည်ဟု တောင်သူ ဉီးမြင့်က ပြောကြားခဲ့သည်။
ဆုံဆည်းမြိုင်ကျေးရွာမှ ထွက်ရှိသော ပဲတီစိမ်းများကို ထိုင်းနိုင်ငံသို့သာ ရောင်းချမှုများပြီး ယခုနှစ် တွင် စိုက်ပျိုးဉီးစီးဌာနက ပြည်တွင်း၌ ရောင်းချနိုင်အောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံ တောင်သူများ၏ လိုအပ်ချက်များကို ကူညီထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း စုကလိမြို့ စိုက်ပျိုးရေး ဉီးစီးဌာနမှ သိရှိရသည်။
စုကလိ(ပြန်/ဆက်)