ဘားအံ၊ ၃ ဇွန်
ကရင်ပြည်နယ် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂ ရက် မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက တောင်သူလယ်သမားဟု ဆိုရာတွင် လယ်၊ ယာ၊ ဥယျာဉ်ခြံ စိုက်ပျိုးလုပ်ကိုင်သူများကိုသာ ခေါ်ဆိုခြင်းမဟုတ်ဘဲ ကျွဲ၊ နွား၊ ငါး တိရစ္ဆာန် မွေးမြူသူများသည်လည်း တောင်သူလယ်သမားများဖြစ်ကြကြောင်း၊ ထိုသူတို့၏ အကျိုးစီးပွားနှင့် အခွင့်အရေးများကို အပြည့်အဝ ကာကွယ်မြှင့်တင်ပေးသွားရမည်ဖြစ်ကြောင်း၊ ထိုသူများ၏ အခွင့်အရေးကို အခြားသူများမှ ရယူထားသည်ဆိုပါက ကော်မတီမှကာကွယ်ပေးရမည်ဖြစ်ပြီး အကျိုးစီးပွားကိုလည်း မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် ပုံမှန်အစည်းအဝေးကို တစ်လလျှင်တစ်ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမျိုးမင်းနောင်က တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ကော်မတီဝင်များဖြစ်သည့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးများနှင့် စိုက်ပျိုးမွေးမြူရေး တောင်သူကိုယ်စားလှယ်များက တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအား ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


