ဘားအံ၊ ၂၇ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ မိုးနိုင်းချောင်းကူးတံတား ဆောက်လုပ်မည့်နေရာ ပန္နက်တင်ခြင်းကို ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက ကျင်းပရာ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကားပြောကြားပြီး ဂျပန်အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JIP)မှ ပေးပို့သော နှုတ်ခွန်းဆက်လွှာကို ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းက ဖတ်ကြားပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်စီမံကိန်း ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးတို့က ပန္နက်တိုင်စိုက်ထူပေးခဲ့သည်။
အဆိုပါတံတားကို ဂျပန်အစိုးရနှင့် ပြည်သူတို့၏ ထောက်ပံ့ငွေဖြင့် ဂျပန်ပရဟိတအဖွဲ့ JIP က ဆောက်လုပ်သွားမည် ဖြစ်ပြီး တံတားအမျိုးအစားမှာ Border Pile အုတ်မြစ်၊ သံကူကွန်ကရစ်တံတားဖြစ်ကာ အရှည်ပေ ၅ဝဝ ကျော်၊ အကျယ် ၁၅ ပေဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
တံတားပြီးစီးပါက ပိုင်ကျုံမြို့မှတစ်ဆင့် ဒေါနတောင်ခြေအနီး ကျေးရွာများ၊ ထိုင်းနိုင်ငံနယ်စပ်အနီးရှိ ကျေးရွာများသို့ ပညာရေး၊ ကျန်းမာရေး၊ ဒေသထွက်ကုန်များ ရောင်းဝယ်ဖောက်ကားမှုများအတွက် ကူးသန်းသွားလာရာတွင် လွယ်ကူအဆင်ပြေမည် ဖြစ်သည်။
နေမျိုးလွင်


