mdn

ဘားအံ ဩဂုတ် ၃၀
    
ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် ပြည်နယ်အစိုးရအဖွဲ့၏ အရေးပေါ်ရန်ပုံငွေ၊ အထွေထွေ ပိုလျှံရန်ပုံငွေတို့မှ ငွေကျပ်သိန်း ၂၂၀၀ (နှစ်ထောင့်နှစ်ရာ)ကျော်ဖြင့် ဝယ်ယူခဲ့သည့် လှာကမြင်(ကွက်သစ်) အောက်စီဂျင် စက်ရုံမှ နေ့စဉ် ၄၀ လီတာ ဆလင်ဒါအိုး ၁၀၀ ကျော်ကို အခမဲ့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
    
ထိုသို့ဖြန့်ဖြူးပေးရာတွင် ပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများ၊ မော်လမြိုင်နှင့် ဘားအံစစ်ဆေးရုံ ၊ကိုဗစ်ကုသရေးစင်တာများကို ဖြန့်ဖြူးပေးလျက်ရှိသကဲ့သို့ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များမှ တစ်ဆင့် ဒေသခံတိုင်ရင်းသား ပြည်သူများထံ ဖြန့်ဖြူးပေးလျှက်ရှိပြီး ပိတ်ရက်မရှိ ၂၄ နာရီ ဖြန့်ဖြူးပေးလျှက်ရှိကြောင်း သိရသည်။
    
ကရင်ပြည်နယ်အစိုးရအဖွဲ့ အောက်စီဂျင်စက်ရုံကို ဝန်ထမ်း(၇)ဦး အဆိုင်း ၂ ဆိုင်းဖြင့် နေ့စဉ်လည်ပတ်လျှက်ရှိပြီး ၅ နာရီ မောင်း တစ်နာရီနား စနစ်ဖြင့် ၂၄ နာရီ လည်ပတ်၍ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု စည်ပင်သာယာရေးအဖွဲ့၏ အုပ်ချုပ်ထောက်ပံ့မှုတို့ဖြင့် အောက်စီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးလျှက်ရှိသည်။
    
ထို့အပြင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေဖြင့် မှာယူထားသည့် ရွှေ့လျားမိုဘိုင်းအောက်စီဂျင်စက် နှစ်လုံးအနက် တစ်ရက်လျှင် ၄၀ လီတာဆလင်ဒါအိုး ၈၀ မှ ၁၀၀ ကြား ထုတ်လုပ်နိုင်သည့် Mobile Oxygen Plant တစ်လုံးထပ်မံရောက်ရှိနေပြီး မကြာမီလည်ပတ်နိုင်တော့မည်ဖြစ်ရာ ပြည်နယ်အတွင်း မှီတင်း နေထိုင်လျှက်ရှိသော တိုင်းရင်းသားပြည်သူများအတွက် လိုအပ်သည့် အောက်စီဂျင်ကိုပိုမိုဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကာ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်ပါက အောက်စီဂျင်စက်ရုံမား ထပ်မံတိုးချဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)