ဘားအံ ဇွန် ၇
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာနမှ KNU/KNLA(PC) ဌာနချုပ် ထို့ကော်ကိုးဒေသရှိ ကျောင်းသား/ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဇွန် ၇ ရက် နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ငြိမ်းချမ်းရေးမရှိလျှင် အစစအရာရာ နောက်ကျကျန်နေမည်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အတူတကွလက်တွဲ၍ ထာဝရငြိမ်းချမ်းရေးရရှိသည်ထိ ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအဖွဲ့များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အနာဂတ်၏ရင်သွေးငယ်များ ပညာရေးတွင် ထူးချွန်ထက်မြတ်၍ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်စေရန် ဝိုင်းဝန်းပံ့ပိုးပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က KNU/KNLA(PC) ဌာနချုပ် ထို့ကော်ကိုးနှင့် ပတ်ဝန်းကျင်ဒေသရှိ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များကိုလည်းကောင်း၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ကျောင်းသုံးဗလာစာအုပ်များကိုလည်းကောင်း ထောက်ပံ့ပေးအပ်ရာ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ယနေ့အခမ်းအနားတွင် ဗလာစာအုပ်ဒါဇင် (၁၅၀၀)နှင့် KG တန်းမှ Grade 10 ထိ ကျောင်းသုံးပုံနှိပ်စာအုပ် ၅၃၀၃ စုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)