ဘားအံ ၂၈ ဧပြီ
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်တွင် ခရီးသွားပြည်သူများ ဝင်ထွက်သွားလာခွင့်ကို ဧပြီလ ၃၀ ရက်နေ့ထိ ပိတ်ထားပြီး မေလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည့်အတွက် ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ မြဝတီမြို့မှတစ်ဆင့် မိမိတို့နေရပ်သို့ ပြန်လည်ဝင်ရောက်လာကြမည်ဖြစ်ရာ ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ၂၁ ရက် စောင့်ကြပ်ကြည့်ရှုရန် Facility Quarantine Centers များ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြင်ဆင်ဆောင်ရွက်ရာတွင် ဘားအံမြို့နယ်တွင် Quarantine Centers ၂၄ ခုဖြင့် ဝင်ဆံ့သည့်ဦးရေ ၃၀၀၂ ဦး၊ ကော့ကရိတ်မြို့တွင် ၄ ခုဖြင့် လူဦးရေ ၃၀၀ ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၆ ခု လူဦးရေ ၄၀၅ ဦး၊ မြဝတီမြို့နယ် တွင် ၁၀ ခု ဝင်ဆံ့လူဦးရေ ၁၉၁၇ ဦး စုစုပေါင်း Quarantine Centers ၄၀ ကျော်တွင် လူဦးရေ ၅၀၀၀ ကျော်နှင့်အထက် ဝင်ဆံ့နိုင်အောင် စီမံဆောင်ရွက်ထားကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသည့် လူဦးရေပေါ်မူတည်ပြီး စနစ်တကျ ပြန်လည်ကြိုဆိုလက်ခံနိုင်ရေးအတွက် ထိုင်းနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမားသံအဖွဲ့နှင့်ဆက်စပ်ပြီး ကိန်းဂဏန်းဒေတာ အချက်အလက်များ ကောက်ယူလျက်ရှိကြောင်း၊ ယခင်က ပြန်လည်ဝင်ရောက်လာသူတို့၏ ကိုယ်ရေးအချက်အလက်များကို စာရင်းစာရွက်ပေါ်တွင်သာ ရေးမှတ်ခဲ့ရာမှ ယခုအခါ ကွန်ပျူတာစနစ်ကိုအသုံးပြု၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များအဆင့်သို့ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးအသိ ပညာပေးခြင်းအပြင် စားသောက်ရေးမှအစ သက်ဆိုင်ရာ INGO အဖွဲ့များနှင့်ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ Quarantine Centers များတွင် နေထိုင်ကြမည့်သူများအတွက် နေထိုင်စားသောက်ရေးမှအစ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်၊ မျက်နှာသုတ်ပုဝါ၊ သွားတိုက်တံ အစရှိသည့် ပစ္စည်း ၁၂ မျိုးပါသည့် Basic Kit များ ပေးအပ်သွားမည် ဖြစ်ကြောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် လိုအပ်သည့် Kit များ ပေးဝေနိုင်ရန် အသေးစိတ်စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အတွင်း မိမိရပ်ရွာဒေသများသို့ ပြန်လာသည့် လူဦးရေပေါ်မူတည်ပြီး ကျေးရွာများ တွင် Community Quarantine Centers များဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြန်လည် ဝင်ရောက်လာသည့် လူဦးရေပေါ်မူတည်ပြီး Community Quarantine Centers အရေအတွက် အတိုးအလျော့ ရှိနိုင်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


