ဘားအံ ၁၃ မတ်
ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ် တွင် ကလေးလုပ်သားစစ်တမ်း(၂၀၁၉-၂၀၂၀)ကို တစ်ပြိုင်နက်တည်း ကောက်ယူသွားမည်ဖြစ်ကြောင်း မတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် ကြီးကြပ်ရေးမှူးများနှင့်စာရင်းကောက် များအတွက် ဖွင့်လှစ်သည့် သင်တန်းမှ သိရသည်။
ကြီးကြပ်ရေးမှူးများနှင့် စာရင်းကောက်များကို မတ် ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ထိ ၂ ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး မတ် ၂၃ ရက်နေ့တွင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ၌ တစ်ပြိုင်နက်တည်း စာရင်းကောက်ယူမည် ဖြစ်ကာ ပြည်နယ်အတွင်းရှိ အစားအစာထုတ်လုပ်ခြင်းနှင့် လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်း ၂၂၅ ခု၊ မော်တော် ယာဉ်နှင့်မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်း ကဏ္ဍများရှိ လုပ်ငန်းပေါင်း ၅၆၉ ခု စုစုပေါင်းလုပ်ငန်း ၇၉၄ ခုအား လက်တွေ့ ကွင်းဆင်း၍ စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
ကလေးလုပ်သားစစ်တမ်း ကောက်ယူခြင်းကို မြို့နယ်(၇)မြို့နယ်တွင်ရှိသည့် ဗဟိုစာရင်းအင်း ဝန်ထမ်းများက ကြီးကြပ်ရေးမှူးများအဖြစ် တာဝန်ယူ၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက စာရင်းကောက်အဖြစ်တာဝန်ယူကောက်ခံသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ် ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမင်းကိုခိုင် တက်ရောက်အမှာစကားပြောကြားခဲ့ကာ ကရင်ပြည်နယ်စာရင်း ကောက်ယူရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးဒေါ်လတ်လတ်မျိုးက စစ်တမ်းကောက်ယူမှုနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ကလေးလုပ်သား စစ်တမ်းကောက်ယူခြင်းအားဖြင့် ရရှိလာသော အညွှန်းကိန်း ၂၇ မျိုးကို တွက်ချက်၍ ကလေး လုပ်သားဦးရေ၊ ရွှေ့ပြောင်းလုပ်သားများတွင်ကလေးများပါဝင်မှုရှိ၊မရှိ၊ လုပ်ခလုပ်စာတန်းတူ ရရှိမှုရှိ၊မရှိ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ၊မရှိ၊ ဆိုးရွားစွာခိုင်းစေမှုရှိ၊မရှိ အစရှိသည့် စာရင်းဇယားများကို တွက်ချက်ရရှိမည်ဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားအပါအဝင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံမှုရှိစေရေး၊ လူကုန်းကူးမှုဆိုင်ရာအရေးယူမှုနှင့် ကာကွယ် ထောက်ပံ့မှုဆိုင်ရာ အစီအစဉ်များအား အထောက်အပံ့ပေးနိုင်ရေး၊ တူညီသည့် လုပ်ငန်းများတွင် လုပ်ခလစာ တန်းတူရရှိနိုင်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာရည်မှန်းချက်များကို အထောက်အပံ့ ဖြစ်စေနိုင်သည့် စာရင်းအင်း အချက်အလက်များကို ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)