ဘားအံ မတ် ၆

 

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၅၁၆၀ ဒသမ ၄၁၉ သန်းဖြင့် မြေလမ်း ၂ မိုင်  ၆ ဖာလုံ၊ ကျောက်လမ်း ၂ မိုင်၊ ကွန်ကရစ်လမ်း ၁၀ မိုင် ၁ဖာလုံ၊ ကတ္တရာ ထပ်ပိုးလွှာလမ်း ၁ မိုင် ၄ ဖာလုံ၊ Box Culvert ၅ စင်း၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ၂ ခု၊ ရေစင်လုပ်ငန်း ၁ ခု၊ ရေကန်လုပ်ငန်း ၁ ခု၊ ကျောက်ကြီးစီလုပ်ငန်း ၁ ခု တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းများအနက် ခွင့်ပြုငွေကျပ် ၉၈၉ ဒသမ ၃၉၇ သန်းဖြင့် ဆောင်ရွက်သည့် ဘားအံမြို့နယ်၊ တောင်ဝိုင်း-တောင်ပတ်လမ်း ၂ မိုင်အနက် ၇၉၂၀ ပေ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၏ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မတ် ၃ ရက်က ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး  ညွှန်ကြားရေးမှူး ဦးသန့်ဇင်မှ ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးသွားသည့်အတွက် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုသည့်အပြင် ဘားအံမြို့၏ အထင်ကရနေရာများဖြစ်သည့် တောင်ဝိုင်းတောင်၏ သဘာဝရှုခင်းများအား အလွယ်တကူ သွားလာကြည့်ရှုနိုင်သည့်အတွက် ကမ္ဘာလှည့်ခရီးသွားများအားဆွဲဆောင်ရန် အထောက်အကူပြုစေမည် ဖြစ်ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)