ဘားအံ ၁၂ ဧပြီ
ကရင်ပြည်နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ကိုးသောင်းကျော် တစ်သိန်းနီးပါး ခန့်ကို နိုင်ငံတော်အစိုးရကထောက်ပံ့သည့် ပစ္စည်းငါးမျိုးအား မြို့နယ် (၇)မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာမကျန် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၅)ရပ်ကွက်ရှိ အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်နေသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်က ပြောသည်။
ယနေ့နံနက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်၊ ပြည်နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်မိရပ်ဖ များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များက အမှတ်(၅)ရပ်ကွက်ရှိ အိမ်ထောင်စု ၃၀ဝ အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ပဲ တို့ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
“အခုထောက်ပံ့ပေးနေတာကတော့ လက်လုပ်လက်စားအိမ်ထောင်စုတွေကိုပါ၊ ရပ်ကွက်တစ်ခုလုံးကနေ ရာအိမ်မှူးတွေ ဆယ်အိမ်မှူးတွေ ရွေးပေးတဲ့ အိမ်ထောင်စုတွေဖြစ်ပါတယ်၊ နိုင်ငံတော်ကနေ ၁၀ ရက်နေ့မှာ စဝေပါလို့ တရားဝင် ပြောလာတဲ့အခါကျတော့ ကျွန်တော်တို့ကရင်ပြည်နယ်မှာရှိတဲ့ ခုနှစ်မြို့နယ်လုံး လက်ရှိမြို့ပေါ်မှာရှိနေတဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်တွေကို စုလိုက်ပြီးတော့ မြို့ပေါ်ရပ်ကွက်တွေ အရင်ထောက်ပံ့ပေးပါတယ်၊ အဲဒီအချိန်မှာဘဲ ကျွန်တော်တို့ အစိုးရအဖွဲ့က ကုန်သည်ကြီးများအသင်းနဲ့ချိတ်ဆက်ပြီးတော့ အခြေခံစားသောက်ကုန်ငါးမျိုးကို မှာယူပြီး မနေ့ညကတော့ ခုနှစ်မြို့နယ်လုံးကို ဖြန့်ခွဲပြီးဖြစ်ပါတယ်၊ လက်ရှိမြို့ပေါ်မှာရှိတဲ့ပစ္စည်းနဲ့ပဲ ထောက်ပံ့နေတာကတော့ ဧပြီလ ၁၀ ရက်နေ့ ကတည်းက ဝန်ကြီးချုပ်ကိုယ်တိုင် ရပ်ကွက်တွေထိသွားပြီး အိမ်တိုင်ရာရောက် ထောက်ပံ့ကူညီ ပေးလျက်ရှိပါတယ်၊ ယနေ့ဆိုရင်သုံးရက်မြောက်နေ့ဖြစ်ပါတယ်၊ သင်္ကြန်ကာလပိတ်ရက်ရှည် ကာလအတွင်း လူထုအတွက် အကျိုးသက်ရောက်မှု တစ်ခုရှိမယ်၊ လက်လုပ်လက်စားတွေအတွက် အထောက်အပံဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်၊ ကျေးရွာတွေအထိကို လက်လုပ်လက်စား လူတန်းစားက ရှိနေတဲ့အတွက်ကြောင့် ကျေးရွာတွေအထိ ထောက်ပံ့ပေးသွားဖို့ ရှိပါတယ်၊ ရက်ကွက်/ ကျေးရွာတွေမှာ လက်လုပ်လက်စား အိမ်ထောင်စု စာရင်းတွေကို ပေါင်းလိုက်တဲ့အခါမှာ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ အိမ်ထေင်စုပေါင်း ကိုးသောင်းကျော် တစ်သိန်းနီးပါးခန့်ရှိပါတယ်၊ အိမ်ထောင်စုတစ်စုကို တစ်ခါဘဲပေးနိုင်တာဖြစ်တဲ့ အတွက်ကြောင့် ထောက်ပံ့ပစ္စည်းမရလိုက်တဲ့အိမ်ထောင်စုတွေ မနစ်နာရလေအောင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို စိစစ်ပြီးပြန်လည်တင်ပြပေးဖို့ ညွှန်ကြားထားပါတယ်” ဟု ပြည်နယ်စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ပြောသည်။
ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အရေးကြီးကာလဖြစ်သည့် မဟာသင်္ကနြ်ရုံးပိတ်ရက် ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေးအဆင်ပြေစေရန် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် နိုင်ငံတော်မှထောက်ပံ့ပေးခြင်းဖြစ်ပြီး ကရင်ပြည်နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် ဧပြီလ ၁၀ ရက်နေ့မှ စတင် ထောက်ပံပေးခဲ့ကာ ကျေးလက်ဒေသပါမကျန် ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


