ဘားအံ အောက်တိုဘာ ၂၉

 

ကရင်ပြည်နယ်အတွင်း သဘာဝဘေးကြုံတွေ့ရလေ့ရှိသည့် မြို့နယ်(၅)မြို့နယ်သို့ တိရစ္ဆာန် အစာအိတ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။

 

ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်သည် နှစ်စဉ်မိုးဦး၊ မိုးနှောင်းကာလများတွင် ရာသီဥတုဖောက်ပြန်မှုနှင့်အတူ မြစ်ရေကြီးခြင်း၊ တောင်ကျရေ စီးဆင်းခြင်းတို့ကြောင့် ကျွဲ၊ နွား လွှတ်ကျောင်းစာကျက်များ၊ အစာစိုက်ခင်းများ၊ အစာသိုလှောင်ထား ရှိသောအရာများ ပျက်ဆီးဆုံးရှုံးမှုများ ကြုံတွေ့ရလေ့ရှိကြောင်း၊ ဘေးဒဏ်သင့်ဒေသများရှိ ကျွဲ၊နွားများအတွက် အစာအဟာရအခက်အခဲရှိသဖြင့် လိုအပ်သောအဟာရ ဖြည့်တင်းမှုဖြစ်စေရန် ၅၀ ကီလိုဂရမ် ကျွဲ၊နွားအစာနုအိတ်ပေါင်း ၆၀၀ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မွေးမြူသူတောင်သူ များအနေဖြင့် ရရှိလာသည့်တိရစ္ဆာန်အစာအိတ်များကို အလေအလွင့်မရှိအောင် စနစ်တကျအသုံး ပြုပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက မြို့နယ်(၅)မြို့နယ်ရှိ ကျေးရွာအုပ်စု ၂၃ အုပ်စုမှ စုစုပေါင်း ကျွဲနွားကောင်ရေ ၃၄၁၄ အတွက် ငွေကျပ် ၂၃၈ ဒဿမ ၈ သိန်း တန်ဖိုးရှိ အစာနုအိတ် ပေါင်း ၆၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မွေးမြူသူကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွေးမြူရေးတောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)