ဘားအံ       ၁၅       မေ 

 

ကရင်ပြည်နယ်အတွင်း ယခုနှစ် ၂၀၂၀ မိုးရာသီစိုက်ပျိုးစရိတ်အတွက် မြို့နယ်(၇)မြို့နယ် ဘဏ်ခွဲ(၄)ခုတွင် တစ်နှစ်စာ အတိုးနှုန်းကို ၅ရာခိုင်နှုန်းလျှော့ကာ မေလ(၁၅)ရက်နေ့မှစတင်ကာ ထုတ်ချေးသွားမှာဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့်လည်း စနစ်တကျ လူခွဲကာ တောင်သူ(၆၄၀ဝ)ဦး၊ စိုက်ပျိုးဧက (၄၁၀၃၆) ဧက အတွက် ကျပ်သိန်းပေါင်း(၆၁၅၅၄)သိန်းကို ထုတ်ချေးပေးသွားမှာ ဖြစ်ကြောင်း  ကရင်ပြည်နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

 

ကျွန်မတို့ မိုးချေးငွေတွေကို ထုတ်ချေးရာမှာ ချေးငွေ(၃)မျိုးကိုထုတ်ချေးပါတယ်။ နှစ်စဉ်ချေးငွေ အနေနဲ့က ဆောင်း၊ မိုး၊မိုးအကြို ရာသီအလိုက်ထုတ်ချေးပါတယ်။ယခုဆိုရင် မိုးစပါးချေးငွေကို ထုတ်ပေးရမယ့် ကာလရောက်နေပါပြီး။ ယခင်နှစ် ၂၀၁၉ တောင်သူ(၆၄၀၉)ဦးအတွက် စိုက်ပျိုးဧက (၄၁၀၃၆)ဧကအတွက် ကျပ်သိန်းပေါင်း(၆၁၅၅၄)သိန်း ထုတ်ချေးရာမှာ သံတောင်ကြီးမြို့နယ် (၃)သိန်း ကျန်ကလွဲလို့ ကျန်တာအားလုံး ကြွေးကြေပြီဖြစ်ပါတယ်။ ယခုနှစ် ၂၀၂၀ မိုးကာလ ချေးငွေ ကိုတော့ မေ ၁၅ ရက်မှစလို့ စက်တင်ဘာလကုန်ထိ ထုတ်ချေးသွားမှာဖြစ်ပြီး လျာထားချက်ကတော့ ကျေးရွာအုပ် (၁၉၄)ရွာ၊  တောင်သူ (၆၄၀ဝ)၊ စိုက်ပျိုးမြေဧက(၄၄၀၂၀)ဧက၊ချေးငွေ(၆၆၀၃၀)သိန်းကို ထုတ်ချေးမှာ ဖြစ်ပါတယ်။အဲ့ဒီလို ထုတ်ချေးတဲ့အခါမှာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲများကို လာရောက်ချေးငွေ ထုတ်မယ့် တောင်သူများအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ထားသောနည်း စနစ်များအတိုင်း  လက်ဆေးဝင် စေခြင်း၊ နှာခေါင်းစည်းတပ်စေခြင်း၊ လူခွဲထုတ်ပေးခြင်းများ ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ် လို့  ကရင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်ခင်စိုးမြင့်က ပြောသည်။

 

ကရင်ပြည်နယ်တွင် လှိုင်ဘွဲမြို့နယ်ကို ဘဏ်ခွဲတစ်ခု၊ ဘားအံမြို့နယ်၊ ဖာပွန်မြို့နယ်၊ သံတောင်ကြီးမြို့နယ်ပေါင်း ဘဏ်ခွဲတစ်ခု၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို ဘဏ်ခွဲတစ်ခု၊ ကော့ကရိတ် မြို့နယ်နှင့် မြဝတီမြို့နယ်(၂)ခုပေါင်း ဘဏ်ခွဲတစ်ခု အနေဖြင့် ထုတ်ချေးသွားမှာဖြစ်ပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ၁၉ ကပ်ရောဂါကျရောက်နေတဲ့ကာလမှာ အတိုးနှုန်း ပြင်ဆင်လျော့ချသည့်အနေဖြင့် ယခုနှစ်က မိုး၊ဆောင်း၊မိုကြိုစိုက်ပျိုးစရိတ်ချေးငွေ  တစ်နှစ်ကို ၈ရာခိုင်နှုန်းမှာ(၁-၄-၂၀၂၀) ရက်နေ့က ၇ ရာခိုင်နှုန်း တစ်ကြိမ်၊ ယခုလချေးမည့် ချေးငွေကတော့ အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့်သာ  ချေးငွေ ရယူသွားမှာဖြစ်ကြောင်း၊   တောင်သူ များအနေဖြင့် ပုံစံ(၇)အမည်ပေါက်ဖြစ်ရမည်၊ ယခင်နှစ်ချေးငွေ ကြေရမည်၊ အမှန်တကယ် စိုက်ပျိုး သူလည်း ဖြစ်၇မှာဖြစ်ပြီး ချေးငွေထုတ်ယူနှုန်းထားမှာ စပါး တစ်ဧကလျှင် ချေးငွေကျပ် (၁၅၀ဝ၀ဝ)၊ ပဲအစရှိ သဖြင့် အခြား သီးနှံမျာကို တစ်ဧက ချေးငွေကျပ် (၁၀ဝ၀ဝ၀)၊ကြံတစ်ဧက ချေးငွေကျပ်(၁၀ဝ၀ဝ၀) ချေးနိုင်ကြောင်း ကရင်ပြည်နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)