ဘားအံ မတ် ၁၆

 

ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှစ၍ သက်ဆိုင်ရာစာစစ်ဌာန အသီးသီးတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုလျက်ရှိရာ ယနေ့တက္ကသိုလ်ဝင် စာမေးပွဲ ပဉ္စမမြောက်နေ့တွင် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။

 

ကြည့်ရှုအားပေး

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမမြောက်နေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၃၅၇၁ ဦးအနက် ဖြေဆိုသူ ၃၄၀၁ ဦး၊ သမိုင်းဘာသာရပ်ကို ဝင်ရောက်ဖြေဆိုရန်စာရင်း ပေးသွင်းထားသူ ၂၆၉ ဦးအနက် ၂၅၅ ဦး၊ နည်းပညာ အထက်တန်းကျောင်း၌ မြေတိုင်း/လျှပ်စစ်/ဂဟေ ဆက်ဘာသာရပ်ကိုဖြေဆိုသူ ၅၆ ဦး၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် သီးနှံကာကွယ်ရေး၊ ရေသတ္တဝါများ/ပျားမွေးမြူရေး ဘာသာရပ်ကို ဖြေဆိုသူ ၅၆ ဦး စိတ်အေးချမ်းသာစွာ ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်ရှိ ဝိဇ္ဇာဘာသာရပ် ရှစ်ခု၊ သိပ္ပံဘာသာရပ်ခြောက်ခု စုစုပေါင်း သင်ကြားရေး ဌာန ၁၄ ခုနှင့် အသုံးချဘာသာရပ် နှစ်ခုအပါအဝင် ဘာသာပေါင်း ၁၆ ခု၏ နှစ်အလိုက် စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးရာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ဘားအံတက္ကသိုလ် စာမေးပွဲကျင်းပနေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ် ပရိဝုဏ်အတွင်း ပေ (၁၁၀ x ၉၀) RCC နှစ်ထပ် Recreation Center (အပန်းဖြေရိပ်သာ) တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ မြေယာရှုခင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)