နေပြည်တော်  ၂၈   နိုဝင်ဘာ

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိရာ ကရင်ပြည်နယ်ဖွံ့ဖြိုး မှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူးက နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များနှင့်အညီ စွမ်းစွမ်း တမံထမ်းဆောင်သွားကြရန် မှာကြားခဲ့ပြီးကရင်ပြည်နယ်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှိုင်းဘွဲ့မြို့နယ်၊ ကမော့လယ်-ကြာအင်းလမ်း (၇/၂)မိုင် လမ်းလုပ်ငန်းခွင်သို့ရောက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ကတ္တရာလမ်း (၂/၀) မိုင်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ခွင့်ပြု ရန်ပုံ ငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကတ္တရာထပ်ပိုးလွှာ (၁/၂) မိုင် ဖောက်လုပ်နေမှုအား စစ်ဆေးသည်။

ယင်း‌နောက် လမ်းကြောင်းအခြေအနေများအား မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောက်လုပ်ပေးခဲ့သောလှိုင်းဘွဲ့မြို့နယ်၊ ကမော့လယ်ကျေးရွာအုပ်စု၊ ကမော့လယ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ဆရာ/ဆရာမ၊ ကျောင်းသား/သူများ အတွက် ထောက်ပံ့ငွေ၊ ကျောင်းသုံးဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် မြဝတီမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး သင်တန်း ကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

News281

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသူများအနေဖြင့် သင်တန်းကျောင်းမှ ရရှိသည့်ပညာနှင့် အခွင့်အရေးများကို တန်ဖိုးရှိရှိအသုံးချပြီး မိမိတို့ဘဝတိုးတက်ရေးအတွက် ကြိုးစားသွားကြရန်၊ သင်တန်းတက်ရောက်ခြင်းဖြင့် အစုအဖွဲ့ဖြင့်လုပ်ကိုင်ဆောင်ရွက်တတ်သည့် အဖွဲ့အစည်းစိတ်ဓါတ်၊ စည်ကမ်းများကိုစနစ်တကျ လိုက်နာပြုမူတတ်သည့် အလေ့အကျင့်၊ အချိန်ကိုစနစ်တကျစီမံခွဲဝေ အသုံးချတတ်ခြင်း၊ ကျန်းမာဖြတ်လတ်နိုးကြားသူများဖြစ်ခြင်းစသည့် အလေ့အကျင့်များ အမှန်တကယ်တိုးတက်ဖြစ်ထွန်းလျက်ရှိသည့် အတွက် ကျောင်းရှိဆရာ/မများ၏ သင်ကြားပြောဆိုမှုများကို အလေးထားလိုက်နာ သင်ယူသွားကြရန်၊ ဆရာ/မများမှလည်းဆရာ/မိဘကဲ့သို့ စိတ်ထားဖြင့် အိမ်တွင်းမှုအချုပ်အလုပ်၊ မုန့်လုပ်သင်ခန်းစာများအပြင် မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်နေသည့် အမျိုးသမီးများ ဖြစ်လာစေရန်၊ သင်ကြားတတ်မြောက်သည့် ပညာရပ် များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း များထူထောင်နိုင်စေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်စောင့်ထိန်းပြီး လိမ္မာယဉ်ကျေး၍ အကျင့် စာရိတ္တကောင်းမွန်သည့် အမျိုးသမီးကောင်းလေးများဖြစ် လာစေရန် စဉ်ဆက်မပြတ် ကြပ်မတ်ပို့ချပေးရန်မှာကြားကာ ကျောင်း၏လိုအပ်ချက်များ အပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ သင်ကြားလေ့ကျင့်နေမှုများ၊ စားရိပ်သာ၊ သင်တန်း အိပ်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်သို့ ရောက်ရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ တည်ဆောက်ပေးခဲ့သောလမ်း/တံတား၊ တန်ဖိုးနည်းအိမ်ရာ၊ စိမ့်စမ်းရေသွယ်ယူခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်းများနှင့် မြို့၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)