နေပြည်တော် အောက်တိုဘာ ၂၅

ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာ သုံးရွာကို ခေတ်မီစံပြကျေးရွာ(Smart Village) များအဖြစ် ဖော်ဆောင်လျက်ရှိကြောင်း ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။

“အခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်ကနေ စတင်ပြီး ဆောင်ရွက်တဲ့ စီမံကိန်း ဖြစ်ပါတယ်။ ဖော်ဆောင်တဲ့ ကျေးရွာ သုံးခုကတော့ ဘားအံမြို့နယ်ထဲ ထုံးအိုင်(အောက်)၊ နော်ဖားတိုနဲ့ မုက္ကဒိ ကျေးရွာတွေဖြစ်ပါတယ်။ မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရန် မျှော်မှန်း၍ လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေး ခိုင်မာအား ကောင်းကာ အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့် ခေတ်မီစံပြကျေးရွာ (Smart Village) များထူထောင်နိုင်ရန်ရည်မှန်းပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အခြားဌာနများနှင့်ပူးပေါင်းပြီး ဆောင်ရွက်လျက် ရှိပါတယ်” ဟု ကရင်ပြည်နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဆိုသည်။
ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာများ တွင် ရေ၊ လျှပ်စစ်မီးရရှိရေး၊   ပညာရေး၊   ကျန်းမာရေး၊  လူမှုရေး အဆောက် အအုံများ တည်ဆောက်ရေး၊ စိုက်ပျိုးမွေးမြူလုပ်ငန်းများ အထောက်အကူပြုရေး၊ ကျေးရွာ မတည် ရန်ပုံငွေများ ထူထောင်ရေး၊ အသေးစား ငွေကြေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ သွင်းအားစုများ ပံ့ပိုးကူညီရေး၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးသွား မည်ဖြစ်သည်။

ထို့အပြင် ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့် စီးပွားမြင့်မားရေး၊   လူမှု ကာကွယ်စောင့်ရှောက်ရေး၊  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်  သဘာဝဘေး အန္တရာယ် ကာကွယ်ရေးလုပ်ငန်းများလည်း ပါဝင်ကြောင်း ကရင်ပြည်နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“ကျွန်တော်တို့ ကျေးရွာတွေမှာ ဒီလိုစီမံကိန်းမျိုးနဲ့ ဆောင်ရွက်ပေးတော့ လျင်လျင် မြန်မြန်နဲ့ ဖွံ့ဖြိုးမှုကို အလျင်အမြန် ခံစားရတာပေါ့။ ဒီလိုဆောင်ရွက်ပေးတော့ ကျေးလက် နေပြည်သူတွေရဲ့ လူမှုစီးပွားဘဝဟာ ပိုပြီး အဆင်ပြေလာမှာဖြစ်ပါတယ်။ ပြီးတော့ ဆောင်ရွက်ပေးတဲ့ စီမံကိန်း လုပ်ငန်းတွေကလည်း ကျွန်တော်တို့ ကျေးရွာတွေနဲ့ ကိုက်ညီ တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေထဲမှာ ရေတိုဖွံ့ဖြိုးရေးကို ရည်ရွယ်တဲ့ လုပ်ငန်းတွေ ပါသလို ရေရှည် အကျိုးရှိနိုင်တဲ့ လုပ်ငန်းတွေလည်း ပါဝင်ပါတယ်” ဟု ထုံးအိုင်ကျေးရွာမှ ဦးမင်းအုန်းသန်းက ပြောသည်။

ခေတ်မီစံပြကျေးရွာ (Smart Village) များကို ကျေးရွာအခြေခံအဆောက် အအုံများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏     လူနေမှုအဆင့် အတန်း    မြင့်မား လာစေ ရန်၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့်နည်းပညာ ပံ့ပိုးခြင်း ဖြင့်   ကျေးလက် စီးပွားရေး  မြင့်မားလာစေရန်၊  သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေရှိပြီး နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်၊ ကျေးရွာသူ၊ ကျေးရွာ သားများနှင့်  ကျေးရွာအသင်း အဖွဲ့များ စွမ်းဆောင်ရည်မြင့်မား လာစေခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ကို  ဖော်ဆောင် နိုင်စေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် တိုင်းဒေသကြီး၊ ပြည်နယ် တစ်ခုလျှင် ကျေးရွာသုံးရွာနှုန်းဖြင့် စုစုပေါင်း ကျေးရွာ ၄၂ ရွာတွင် ခေတ်မီစံပြ ကျေးရွာ (Smart Village) စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။ 

သန်းမင်းအောင်(သတင်းစဉ်)