နေပြည်တော် ဇန်နဝါရီ ၁၇

ကရင်ပြည်နယ်အတွင်း ဒေသခံပြည်သူများ စားသုံးဆီဖူလုံစေရန်နှင့် ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ခင်း ၁၈၅၁ ဧကကို စိုက်ပျိုးထားရှိရာ ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပြည် နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

“အရင်နှစ်က ပြည်နယ်အတွင်းမှာ စားသုံးဆီ ဖူလုံမှုက ၆၉ ရာခိုင်နှုန်းကျော်ပဲ ရှိတဲ့အတွက် ပြည်နယ်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့အတူ ဆီထွက်သီးနှံ ဆောင်းနေကြာကို  ဒီနှစ်မှာ ၃၀၀၂ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ ၁၈၅၁ ဧက စိုက်ပျိုးပြီးပါပြီ။ ပြည်နယ်အတွင်းမှာ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကို  အဓိကထားပြီး စိုက်ပျိုးပါတယ်။ စိုက်ခင်းတစ်ဧကကို နေကြာမျိုး ၃ ကီလိုအသုံးပြုပြီး ပင်ခြား ၉ လက်မ၊ တန်းခြား ၂ ပေ နည်းစနစ်နဲ့ တစ်ကျင်းမှာ  (၂)စေ့၊ (၃)စေ့နှုန်း စိုက်ပျိုးပါတယ်။ စိုက်ပျိုးပင် ၁၅ ရက်သားရရင် တစ်ကျင်းကို (၁) ပင်ပဲ ချန်ပြီးတော့ သားခွဲရပါတယ်။ နေကြာပင် သက်တမ်း က (၈၅) ရက်အထိကြာပါတယ်။ အခု နေကြာအပွင့်ဆိုဒ်က ၅လက်မနဲ့ ၆လက်မကြားရှိပြီး စိုက်ခင်းတစ်ဧကကို အပင်ရေ ၂၉၀၀၀ ကျော် စိုက်ပျိုးထားပါတယ်။ ဆောင်းနေကြာအပြင် အခြားသီးနှံတွေဖြစ်တဲ့ ပဲတီစိမ်း၊ နှမ်း တို့ကိုလည်း သီးထပ်သီးညှပ် အဖြစ်စိုက်ပျိုးပါတယ်။ ပြည်နယ်အတွင်းမှာ စိုက်ပျိုးဖို့ကျန်ရှိတဲ့ စိုက်ပျိုးဧကတွေအတွက် ရေဆင်းစပ်မျိုး-၁နဲ့ ဆင်းရွှေကြာ-၂ တို့ကိုလည်း မျိုးစေ့ထုတ် ဧက ၃၀ စိုက်ပျိုး ထားပါ တယ်” ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝမ်း ကပြောသည်။

အဆိုပါ ဆီထွက်သီးနှံ ဆောင်းနေကြာကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ပထမအပတ်မှ စတင်၍ စိုက်ပျိုးခဲ့ပြီး ဇန်နဝါရီလ နောက်ဆုံးအပတ်တွင်  ရိတ်သိမ်းကြမည်ဖြစ်ကြောင်းနှင့် ကရင်ပြည်နယ်အတွင်း အဓိကဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရန်အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ပြည်နယ်အတွင်းရှိ ကျေးရွာ များသို့ စိုက်ပျိုးရေးနည်းပညာပေးသင်တန်းများ၊ အသိပညာပေးဆွေးနွေးပွဲများ ၊ နေကြာ မျိုးစေ့များနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးခြင်းတို့ကို ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်