ဘားအံ  ၂၃ မေ

 

ကရင်ပြည်နယ်၌ ငါးသားပေါက်ကောင်ရေ တစ်ဆယ့်ခုနှစ်သိန်း လေးသောင်းငါးထောင်ကျော် မျိုးစိုက်ထည့်နိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကရင်ပြည်နယ် ငါးလုပ်ငန်းဦးသစီးဌာနအနေဖြင့် ပြည်နယ်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေး၊ သဘာဝ ရေပြင်အတွင်း ငါးသယံဇာတကြွယ်ဝစေပြီး စဉ်ဆက်မပြတ် စားသောက်နိုင်ရေး၊ ပြည်သူများ အာဟာရပြည့်ဝသော  ငါးစားသုံးနိုင်ရေးတို့ကို ရည်ရွယ်ပြီး ဘားအံ ငါးသားဖောက်စခန်းနှင့် ကျုံဒိုး ငါးသားဖောက်စခန်းတို့တွင် မျိုးကောင်း မျိုးသန့်ငါးများကို သားဖောက်လျက်ရှိပြီး ငါးမွေးမြူရေးကန်များသို့ သားဖောက်ရောင်းချခြင်းနှင့် နှစ်စဉ် ငါးမျိုး စိုက်ထည့်ခြင်းတို့ကို (အခမဲ့) ဆောင်ရွက်လျက်ရှိသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ငါးမျိုးစိုက်ထည့်မှု အကြိမ် ၄၀ ဆောင်ရွက်သွားမည်ဖြစ်ပြီး ငါးသားပေါက်ကောင်ရေ တီလားဗီယာ ၂၅၀၀၀၊ ငါးခုံးမကြီး ၁၀၁၅၀၀၀၊ ရွှေဝါငါးကြင်း ၁၇၅၀၀၀၊ ငါးမြစ်ချင်း ၅၃၀၀၀၀ စုစုပေါင်း ၁၇၄၅၀၀၀ ကို ကရင်ပြည်နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များ၊ ဆည်များ၊ ရေလှောင်တမံများ၊ စပါး၊ ငါးကန်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ငြိမ်ချမ်းရေး အဖွဲ့အစည်းများ၏ ငါးမွေးမြူရေးကန်များသို့ အခမဲ့ မျိုးစိုက်ထည့်ပေးသွားမည် ဖြစ်ကြောင်း ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

ထို့အပြင် ကရင်ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ပိုစတာ စိုက်ထူပေးခြင်း၊ တားမြစ်စာများပေးအပ်ခြင်း၊ အသိပညာပေးခြင်းနှင့် ဥပဒေအရ အရေးယူခြင်းတို့ကို သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

ခင်စောလင်း(ပြန်/ဆက်)