ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ် ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပ

ဘားအံ ၆ နိုဝင်ဘာ 

 

နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ဘားအံမြို့ ကန်သာယာကန်အတွင်း၌ ရိုးရာလှေလှော်ပြိုင်ပွဲ (ဒုတိယအကြိမ်)ကို နိုဝင်ဘာ ၅ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

(၆၂)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကို စတင်ကျင်းပရာ လှေလှော်ပြိုင်ပွဲဝင် အသင်းများက အကြိတ်အနယ် ယှဉ်ပြိုင်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဒေသခံလှေလှော် ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့သည်။

 

ရိုးရာလှေလှော်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား လေးမျိုးပါဝင်ပြီး အမျိုးသား ငါးတက်လှော်ပြိုင်ပွဲတွင် ၂၅ သင်း၊ အမျိုးသား သုံးတက်လှော်ပြိုင်ပွဲတွင် ၂၃ သင်း၊ အမျိုးသမီး ငါးတက်လှော်ပြိုင်ပွဲတွင် ငါးသင်းနှင့် အမျိုးသမီး သုံးတက်လှော်ပြိုင်ပွဲတွင် ငါးသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင် တစ်ကြိမ်လျှင် ပြိုင်ပွဲဝင်အသင်း သုံးသင်းစီကို ယှဉ်ပြိုင်စေပြီး ပန်းဝင်အသင်းနှစ်သင်းကို ရွေးချယ်၍ ဒုတိယအကြိမ် ဆက်လက်ယှဉ်ပြိုင်စေကာ စံချိန်အကောင်းဆုံး အသင်းကို ထပ်မံရွေးချယ်ကြောင်း၊ ယင်းအသင်းများကို နိုဝင်ဘာ ၇ ရက်တွင် ဗိုလ်လုပွဲစဉ် ထပ်မံယှဉ်ပြိုင်စေပြီး ဆုများရွေးချယ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လှေလှော်ပြိုင်ပွဲကို ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပွဲတော်တွင် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းသည့် အနေဖြင့် ဒုတိယအကြိမ် ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး လှေလှော်ပြိုင်ပွဲတွင် ဘားအံမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများမှ အသင်းများ၊ ဌာနဆိုင်ရာများမှ အသင်းများနှင့် ဝါသနာရှင် ကိုယ်စားပြုအသင်းများ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။